တာချီလိတ်သို့ လေကြောင်း နှင့် ကုန်းကြောင်းတို့မှ ‌ဝင်ရောက်လာသည့် ခရီးသွားအားလုံး ခရီးသွား ရာဇဝင်ဖြည့်ရမည်

တာချီလိတ်သို့ လေကြောင်း နှင့် ကုန်းကြောင်းတို့မှ ‌ဝင်ရောက်လာသည့် ခရီးသွားအားလုံး ခရီးသွား ရာဇဝင်ဖြည့်ရမည်
စက်တင်ဘာ 1, 2020
By Tachileik News Agency
တာချီလိတ်သို့ လေကြောင်း နှင့် ကုန်းကြောင်းတို့မှ ‌ဝင်ရောက်လာသည့် ခရီးသွားအားလုံး ခရီးသွား ရာဇဝင်ဖြည့်ရမည် 
မြန်မာနိုင်ငံ ဒေသအချို့တွင် ရောဂါလက္ခဏာမပြ၊ အတည်ပြုလူနာနှင့် ထိတွေ့ခြင်းမရှိဘဲ ပြည်တွင်း ကူးစက်မှုအဖြစ် COVID 19 အတည်ပြုလူနာများတွေ့လာရသဖြင့် ရှမ်းပြည်နယ်  (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြို့အဝင်၊ လေဆိပ်၊ ကားဂိတ်များ၌ ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်အချက်အလက်ရယူခြင်းများကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လနောက်ဆုံးပတ်၌ လုပ်ဆောင်နေပြီဖြစ်သည်။
“ ခရီးသွားရာဇဝင်ကို ဘယ်က လာလာ ဖြည့်ရပါမယ်။  အဲဒါလေးတွေ နေ့စဉ်ပြန်သိမ်းတယ်။ တစ်ခုခုဆို လိုက်လို့ရအောင်ပေါ့။ နောက်လေဆိပ်နဲ့ တံတား (၂)မှာလည်း ဌာနဆိုင်ရာတွေက စစ်ဆေးနေကြပါတယ်။ မြို့အဝင်အထွက်မှာ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ဌာနဆိုင်ရာတွေပေါင်းပြီး  ကျန်းမာရေးစစ်ဆေးတာလေးတွေလုပ်တယ်။ ခရီးသွားတွေက ဒါလေးတွေကိုတော့  ကြည်ဖြူစွာ လက်ခံပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ခရီးသွားလာသူများမှ အတည်ပြုလူနာတွေ့ရှိပါက ထိတွေ့သူများအား မြန်မြန်ဆန်ဆန်သိရှိပြီး ကျန်းမာရေးစစ်ဆေးနိုင်ရန် လေကြောင်းခရီးဖြင့် လာရောက်သူများ အနေဖြင့် လေဆိပ်တွင် ခရီးသွားရာဇဝင် ဖြည့်ရန်လိုအပ်ပြီး မော်တော်ယာဉ်လိုင်းဖြင့် ဝင်ရောက်လာသူများ၏ အချက်အလက်များကို မော်တော်ယာဉ်လိုင်းများက တာဝန်ယူကောက်ယူစေခြင်းဖြစ်ကြောင်း သိရသည်။
“စောစောစီးစီးတွေ့ပြီး စောစောစီးစီး အဖြေသိဖို့က အရေးအကြီးဆုံးပါ။ ကျွန်တော်တို့ အခုက စစ်တွေတင်၊ ရခိုင်ပြည်နယ်တင် မဟုတ်ဘူး။ ရန်ကုန်ပြန်တွေဆိုလည်း ရန်ကုန်မှာလည်း စောင့်ကြည့်နေတဲ့ အဖြေတွေရှိတယ်။ အဲဒီအဖြေတွေကနေ ထွက်လာတဲ့မြို့နယ်တွေပေါ့နော် အဲဒီမြို့နယ်တွေဆို ကျွန်တော်တို့ သတိထားပြီး စောင့်ကြည့်သွားမယ်။ အခု ကားဂိတ်တွေအားလုံး ခရီးသည်စာရင်း အတိအကျမလုပ်ရင် လက်မခံဘူးလို့ ပြောထားတယ်”ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က ပြောသည်။
တာချီလိတ်မြို့အဝင်အထွက်ဂိတ်ဖြစ်သည့် မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာနှင့် အရပ်ဖက်အဖွဲ့များ ပူးပေါင်းစစ်ဆေးခြင်းအား သြဂုတ်လ (၃၀)ရက်နေ့တွင် လည်းကောင်း၊ တာချီလိတ်လေဆိပ်၌ ခရီးသွား ရာဇဝင်ရယူခြင်းအား သြဂုတ်လ (၃၁)ရက်နေ့တွင်လည်းကောင်း စတင်ခြင်းဖြစ်ပြီး ကုန်သွယ်ရေးအတွက် အကန့်အသတ်ဖြင့် ခွင့်ပြုထားသည့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)၌ ကုန်တင်ယာဉ်မောင်းများအား ကျန်းမာရေးစစ်ဆေးခြင်းကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~