Twitter ဒေဝါလီ ခံရနိုင်ခြေကို အီလွန်မက်စ် သတိပေး၊ အရေးပါဆုံး အကြီးတန်းအရာရှိများ အလုပ်ထွက်

Twitter ဒေဝါလီ ခံရနိုင်ခြေကို အီလွန်မက်စ် သတိပေး၊ အရေးပါဆုံး အကြီးတန်းအရာရှိများ အလုပ်ထွက်
နိုဝင်ဘာ 11, 2022 | နိုင်ငံတကာသတင်း
By Mr John

Twitter ပိုင်ရှင်သစ် အီလွန်မက်စ်က ကုမ္ပဏီ ဒေဝါလီခံရနိုင်သည့် ဖြစ်နိုင်ခြေကို နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ဝန်ထမ်းအားလုံးကို သတိပေးလိုက်ကြောင်း သိရသည်။ 

အီလွန်မက်စ်က Twitter ကို ဝယ်ယူလိုက်ပြီးနောက် အမေရိကန်အစိုးရ၏ သက်ဆိုင်ရာ အဖွဲ့အစည်းထံမှ သတိပေးမှုနှင့် အနာဂတ်တွင် ကုမ္ပဏီကို ဦးဆောင်မည့်သူများအဖြစ် ရှုမြင်ခံရထားရသည့် အရေးပါသော အကြီးတန်းအရာရှိများ နုတ်ထွက်မှုတို့ အပါအဝင် ကသောင်းကနင်း အခြေအနေများ ဖြစ်ပေါ်နေသည်။

အီလွန်မက်စ်က Twitter ဝန်ထမ်းများ အားလုံးနှင့် ပထမဆုံးအကြိမ် စကားပြောရာတွင် ကုမ္ပဏီဒေဝါလီခံမှုကို ထည့်မတွက်ဘဲ မထားနိုင်ကြောင်း ထည့်သွင်းပြောခဲ့သည်ဟု Bloomberg News က သတင်းဖော်ပြသည်။ 

Twitter ကို အမေရိကန်ဒေါ်လာ (၄၄) ဘီလီယံဖြင့် ဝယ်ယူပြီးနောက် သီတင်း (၂) ပတ်အကြာတွင် အီလွန်မက်စ်က ထိုသို့ ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။ 

ထိုအရောင်းအဝယ်က Twitter ၏ ဘဏ္ဍာရေးအခြေအနေကို မရေရာသည့် အနေအထားရောက်စေခဲ့သည်ဟု ချေးငွေဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

Twitter ၏ ထိပ်တန်းအရာရှိ (၂) ဦးဖြစ်သည့် Yoel Roth နှင့် Robin Wheeler တို့က အီလွန်မက်စ်နှင့် နိုဝင်ဘာလ (၉) ရက်နေ့တွင် စကားပြောခဲ့ပြီးနောက် နုတ်ထွက်သွားခဲ့ကြကြောင်း ထိုကိစ္စနှင့် နီးစပ်သူတစ်ဦးက Reuters သတင်းဌာနကို ပြောသည်။

 Roth နှင့် Wheeler တို့ကမူ ချက်ချင်း မှတ်ချက်မပေးခဲ့ကြဟု ဆိုသည်။ 

Bloomberg နှင့် နည်းပညာဝက်ဘ်ဆိုက် Platformer တို့က အဆိုပါ အရေးပါသည့် Twtter အကြီးတန်းအရာရှိ (၂) ဦး နုတ်ထွက်သွားကြောင်း ပထမဆုံး သတင်းဖော်ပြခဲ့ကြသည်။

ထို့အပြင် နိုဝင်ဘာလ (၁၀) ရက်နေ့ အစောပိုင်းကလည်း Twitter ၏ Chief Security Officer ဖြစ်သည့် Lea Kissner က သူမ နုတ်ထွက်ခဲ့ပြီဖြစ်ကြောင်း Twitter တွင် ပို့စ်တင်ခဲ့သည်။ 

Chief Privacy Officer ဖြစ်သူ Damien Kieran နှင့် Chief Compliance Officer အဖြစ် တာဝန်ယူထားသည့် Marianne Fogarty တို့လည်း Twitter မှ နုတ်ထွက်သွားကြောင်း သိရသည်။

ထိုအတောအတွင်း အမေရိကန်ပြည်ထောင်စုကုန်သွယ်ရေးကော်မရှင် U.S. Federal Trade Commission (FTC) ကလည်း Twitter ၏ Chief Privacy Officer နှင့် Chief Compliance Officer တို့ နုတ်ထွက်သွားပြီးနောက် အခြေအနေကို အထူးစိုးရိမ်မှုနှင့်အတူ စောင့်ကြည့်နေကြောင်း ပြောခဲ့သည်။ 

အကြီးတန်းအရာရှိများ နုတ်ထွက်မှုက Twitter အနေဖြင့် စည်းမျဥ်းစည်းကမ်းများ ချိုးဖောက်နိုင်ခြေရှိသည့် အခြေအနေသို့ ရောက်သွားနိုင်ကြောင်း သိရသည်။ 

FTC က Twitter အမှုဆောင်အရာရှိချုပ်အသစ် အီလွန်မက်စ်မှာ ဥပဒေအထက်တွင် မရှိကြောင်း ပြောခဲ့သည်။

Twitter ကို ဝယ်ယူပြီးနောက် အီလွန်မက်စ် ဝန်ထမ်းများအားလုံးနှင့် နိုဝင်ဘာလ (၁၀) ရက် မွန်းလွဲပိုင်းတွင် စကားပြောခဲ့ရာ၌ ကုမ္ပဏီမှာ လာမည့်နှစ်တွင် ဒေါ်လာဘီလီယံနှင့်ချီ အရှုံးပေါ်နိုင်ကြောင်း သတိပေးခဲ့သည်ဟု The Information ဝက်ဘ်ဆိုက်က ဖော်ပြသည်။ 

ဒေဝါလီခံရနိုင်မှု၊ FTC သတိပေးချက် သို့မဟုတ် အရေးပါသည့် အကြီးတန်းအရာရှိများ နုတ်ထွက်မှုများနှင့် ပတ်သက်၍ Twitter က မှတ်ချက်မပေးသေးကြောင်း သိရသည်။

အီလွန်မက်စ်က Twitter ကို ဝယ်ယူပြီးနောက် အမှုဆောင်အရာရှိချုပ် အပါအဝင် ထိပ်တန်းအရာရှိများကို ချက်ချင်း အလုပ်ထုတ်ခဲ့သည်။ 

ထို့နောက် Twitter ၏ ဝန်ထမ်းအင်အားထက်ဝက် သို့မဟုတ် ဝန်ထမ်းအရေအတွက် (၃,၇၀၀) ကို အလုပ်ထုတ်ခဲ့ပြီး အလုပ်ထုတ်သည့်လုပ်ငန်းစဥ်များ ပြီးစီးတော့မည်ဟု အီလွန်မက်စ်က ယခုသီတင်းပတ်အတွင်း ပြောသည်။

ဝန်ထမ်းအရေအတွက် ထောင်နှင့်ချီ အလုပ်ထုတ်ရခြင်းမှာ ကုန်ကျစရိတ်လျှော့ချရန်ဖြစ်ပြီး Twitter က တစ်ရက်လျှင် ဒေါ်လာ (၄၄) သန်းကျော် အရှုံးပေါ်နေသည်ဟု အီလွန်မက်စ်က ဆိုသည်။ 

Twitter တွင် အကြွေးပမာဏ ဒေါ်လာ (၁၃) ဘီလီယံ ပေးဆပ်ရန်ရှိနေပြီး လာမည့် (၁၂) လအတွင်း အတိုး ဒေါ်လာ (၁.၂) ဘီလီယံ ပေးရမည်ဖြစ်သည်။ 

ပေးဆပ်ရန်ရှိနေသည့် ငွေပမာဏမှာ မကြာသေးမီက Twitter က ထုတ်ပြန်ထားသော ဇွန်လကုန်အထိ ငွေကြေးစီးဆင်းလည်ပတ်မှုပမာဏ ဒေါ်လာ (၁.၁) ဘီလီယံထက် ကျော်လွန်နေခဲ့ကြောင်း သိရသည်။

Source: Reuters, BBC