ဆီးရီးယား ကမ်းလွန်တွင် စက်လှေနစ်မြုပ်မှုကြောင့် ရွှေ့ပြောင်းနေထိုင်သူ အနည်းဆုံး (၇၆) ဦး သေဆုံး

ဆီးရီးယား ကမ်းလွန်တွင် စက်လှေနစ်မြုပ်မှုကြောင့် ရွှေ့ပြောင်းနေထိုင်သူ အနည်းဆုံး (၇၆) ဦး သေဆုံး
စက်တင်ဘာ 24, 2022 | နိုင်ငံတကာသတင်း
By Mr John

ဆီးရီးယားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့် စက်လှေတစ်စီး နစ်မြုပ်ခဲ့မှုကြောင့် အနည်းဆုံး လူ (၇၆) ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောသည်။ 

စက်လှေတိမ်းမှောက်မှုမှ အသက်ရှင်ကျန်သူ (၂၀) ဦးကို ဆီးရီးယားနိုင်ငံ Tartus မြို့ရှိ ဆေးရုံတွင် ဆေးကုသပေးနေကြောင်း သိရသည်။

ထိုစက်လှေတွင် အမျိုးသမီးနှင့် ကလေးများ အပါအဝင် လက်ဘနွန်၊ ဆီးရီးယားနှင့် ပါလက်စတိုင်းလူမျိုးများ လိုက်ပါလာခဲ့ကြသည်ဟု အစိုးရတာဝန်ရှိသူများက ပြောသည်။ 

စက်တင်ဘာလ (၂၂) ရက်နေ့က နစ်မြုပ်ခဲ့သည့် စက်လှေပေါ်တွင် လူ (၁၂၀) နှင့် (၁၅၀) ကြား လိုက်ပါလာခဲ့ကြကြောင်း ယူဆထားသည်။ 

စက်လှေနစ်မြုပ်ရသည့် အကြောင်းရင်းကို အတိအကျ မသိရသေးဘဲ ရှာဖွေကယ်ဆယ်ရေး ဆက်လက် လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက ဆိုသည်။ 

ထိုစက်လှေမှာ လက်ဘနွန်နိုင်ငံ ဆိပ်ကမ်းမြို့ ထရီပိုလီ အနီးရှိ Minyeh မြို့မှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး နစ်မြုပ်ခဲ့ချိန်က ဥရောပသို့ ဦးတည်သွားနေခဲ့သည်ဟု ယူဆရသည်။

စက်လှေနစ်မြုပ်မှုတွင် အသက်ရှင်ကျန်သူများကို ထရီပိုလီမြို့၏ မြောက်ဘက် မိုင် (၃၀) ခန့်အကွာရှိ Tartus မြို့သို့ ပို့ဆောင်ထားကြောင်း သိရသည်။ 

လက်ဘနွန်နိုင်ငံတွင် ဆီးရီယားနိုင်ငံ ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာကြရသည့် စစ်ဘေးဒုက္ခသည် ခန့်မှန်းခြေ (၁.၅) သန်းရှိနေပြီး ၎င်းတို့အနက် (၁၄,၀၀၀) နီးပါးမှာ အခြား နိုင်ငံများမှဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UN High Commissioner for Refugees (UNHCR) ၏ စာရင်းများက ဖော်ပြသည်။

သို့သော် လက်ဘနွန်မှာ ဆိုးရွားသည့် စီးပွားရေးအကျပ်အတည်း ရင်ဆိုင်နေရပြီး COVID-19 ကပ်ရောဂါနှင့် ၂၀၂၀ ခုနှစ် ဘေရွတ်ဆိပ်ကမ်း ပေါက်ကွဲမှုကြီးကြောင့် အခြေအနေ ပိုဆိုးလာခဲ့သည်။ 

လက်ဘနွန်တွင် လူဦးရေ၏ (၈၀) ရာခိုင်နှုန်းမှာ အစားသောက်နှင့်ဆေးဝါး ဝယ်ယူနိုင်ရန် ရုန်းကန်နေကြရသည်။

ထိုအခြေအနေများက နိုင်ငံ၏ ရွှေ့ပြောင်းနေထိုင်သူများအပေါ် ပြင်းထန်သည့် သက်ရောက်မှုရှိခဲ့ပြီး ၎င်းတို့အနက်မှ အများအပြားမှာ ဥရောပအပါအဝင် အခြား နေရာများသို့ ထွက်ပြေးနေကြသည်။ 

ယမန်နှစ်အတွင်း လက်ဘနွန်ကမ်းရိုးတန်းများမှ ဥရောပသို့ ထွက်ခွာကြသည့် ရွှေ့ပြောင်းနေထိုင်သူအရေအတွက် အကြီးအကျယ် မြင့်တက်ခဲ့ကြောင်း သိရသည်။ 

ကုလသမဂ္ဂ၏ စာရင်းများအရ လက်ဘနွန်မှ ထွက်ခွာသူအရေအတွက်မှာ ၂၀၂၀ ခုနှစ်ထက် ၂၀၂၁ ခုနှစ်အတွင်း (၂) ဆတိုးလာခဲ့သည်။

ယခုနှစ်တွင် ထိုသို့ ရွှေ့ပြောင်းမှုများမှာ ယမန်နှစ် အလားတူအချိန်နှင့် နှိုင်းယှဥ်ပါက (၇၀) ရာခိုင်နှုန်းကျော် ပိုများလာကြောင်း နိုင်ငံတကာ လေ့လာသူများက ဆိုသည်။ 

ယခုလအစောပိုင်းကလည်း ရွှေ့ပြောင်းနေထိုင်သူများကို တင်ဆောင်လာပြီး လက်ဘနွန်မှ ဥရောပသို့ ဦးတည်ခုတ်မောင်းလာသည့် စက်လှေတစ်စီး တူရကီနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ရာ ကလေးများအပါအဝင် လူ (၆) ဦး သေဆုံးခဲ့သည်။ 

စက်လှေ (၄) စီးမှ ရွှေ့ပြောင်းနေထိုင်သူ (၇၃) ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း တူရကီ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။

Source: BBC, Reuters

Photo: REUTERS, REUTERS/Mohamed Azakir,