တာလီဘန်တို့၏ အုပ်ချုပ်မှုအောက်တွင် ဆင်းရဲမွဲတေသည့် အာဖဂန်ပြည်သူ (၂) ဆနီးပါး တိုးလာပြီး လူဦးရေ (၃၄) သန်း ဆင်းရဲမွဲတေနေ

တာလီဘန်တို့၏ အုပ်ချုပ်မှုအောက်တွင် ဆင်းရဲမွဲတေသည့် အာဖဂန်ပြည်သူ (၂) ဆနီးပါး တိုးလာပြီး လူဦးရေ (၃၄) သန်း ဆင်းရဲမွဲတေနေ
By Mr John

အမေရိကန် ကျောထောက်နောက်ခံပြု အစိုးရ ပြုတ်ကျသွားပြီး တာလီဘန်စစ်သွေးကြွအုပ်စုက တစ်ကျော့ပြန် အုပ်ချုပ်နေသည့် အာဖဂန်နစ္စတန်နိုင်ငံတွင် ဆင်းရဲမွဲတေသူ ဦးရေ (၂) ဆနီးပါး တိုးလာပြီး လူဦးရေ (၃၄) သန်း ဆင်းရဲမွဲတေသည့် အခြေအနေဖြစ်နေကြောင်း ကုလသမဂ္ဂက ပြောသည်။ 

၂၀၂၁ ခုနှစ်တွင် အမေရိကန် ကျောထောက်နောက်ခံပြု အာဖဂန်အစိုးရ ပြုတ်ကျခဲ့ပြီးနောက် တာလီဘန်အာဏာပိုင်များနှင့် ထိတွေ့ဆက်ဆံရန် နိုင်ငံအများအပြားက ငြင်းဆန်ခဲ့ကြရာ ပြည်ပထောက်ပံ့ငွေများ ရပ်ဆိုင်းသွားခဲ့ပြီး အကူအညီပေးရေး အစီအစဥ်များလည်း သိသိသာသာ ပြန်ရုပ်သိမ်းသွားခဲ့သည်။

အာဖဂန်တွင် တာလီဘန်အုပ်ချုပ်မှုအောက်၌ မရှိမဖြစ် လိုအပ်သော အကူအညီများ ဆက်လက်ပေးနေကြသည့် NGO အဖွဲ့အစည်းများမှာလည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း တာလီဘန်အစိုးရက အာဖဂန်အမျိုးသမီးများကို ထိုအဖွဲ့အစည်းများတွင် အလုပ် လုပ်ကိုင်ခြင်း မပြုရန် တားမြစ်ပိတ်ပင်လိုက်ရာ အခက်အခဲများ ကြုံလာခဲ့ရသည်။

၂၀၂၃ ခုနှစ် ဧပြီလတွင်မူ တာလီဘန်တို့က ကုလသမဂ္ဂ၏ အာဖဂန်အမျိုးသမီး ဝန်ထမ်းများကိုလည်း အလုပ် လုပ်ခွင့်ပိတ်ပင်လိုက်ပြန်ရာ ကုလသမဂ္ဂအနေဖြင့် ၎င်း၏ ကူညီထောက်ပံ့မှု အစီအစဥ်များကို ဆက်လက်ဆောင်ရွက်မည် သို့မဟုတ် ရပ်ဆိုင်းမည်ဆိုသည်ကို စိတ်ပျက်ဖွယ်ရာ ရွေးချယ်မှုလုပ်ရမည့် အခြေအနေ ဖြစ်လာသည်။

"အချို့က ဝင်ငွေရဖို့အတွက် သူတို့ရဲ့ အိမ်တွေ၊ မြေ သို့မဟုတ် ပိုင်ဆိုင်မှုတွေကို မဖြစ်မနေ ရောင်းချခဲ့ကြရတယ်။ အခြားလူတွေကတော့ သူတို့ရဲ့ ကိုယ်ပိုင်မိသားစုကို ကုန်ပစ္စည်းလုပ်ပစ်လိုက်တဲ့ ထိခိုက်နာကျင်စရာတွေ လုပ်ခဲ့ကြရတယ်။ ကလေးတွေကို အလုပ်လုပ်ခိုင်းတာနဲ့ ငယ်ရွယ်တဲ့ သမီးမိန်းကလေးတွေကို အိမ်ထောင်ပြုခိုင်းတာတွေရှိလာတယ်" ဟု UNDP အစီရင်ခံစာက ပြောထားသည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဥ် United Nations Development Programme (UNDP) က ဧပြီလ (၁၈) ရက်နေ့တွင် ၂၀၂၂ ခုနှစ် အချက်အလက်များ အကဲဖြတ် ထုတ်ပြန်မှုအရ ခန့်မှန်းခြေအားဖြင့် အာဖဂန်ပြည်သူ (၃၄) သန်းမှာ ဆင်းရဲမွဲတေမှု အခြေပြမျဥ်း၏အောက်သို့ ရောက်ရှိနေကြကြောင်း သိရသည်။ 

ထိုကိန်းဂဏန်းမှာ အမေရိကန် ကျောထောက်နောက်ခံပြု အစိုးရ အုပ်ချုပ်ခဲ့သည့် နောက်ဆုံးနှစ်ဖြစ်သော ၂၀၂၀ ခုနှစ်တွင် (၁၅) သန်းရှိခဲ့ရာမှ (၂) ဆနီးပါး တိုးလာသည်ကို တွေ့ရသည်။

အာဖဂန်နစ္စတန်တွင် ခေတ်နှင့်အညီ သန်းခေါင်စာရင်းအချက်အလက် မရှိသော်လည်း ကုလသမဂ္ဂက နိုင်ငံလူဦးရေကို ခန့်မှန်းခြေ သန်း (၄၀) ဟု အသုံးပြုထားရာ တာလီဘန်အုပ်ချုပ်မှုအောက်တွင် လူဦးရေ၏ (၈၅) ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေနေကြကြောင်း ခန့်မှန်းထားခြင်း ဖြစ်သည်။

Source: AFP

Photo: Sky News, EPA, AFP,