G7 နိုင်ငံများက ရုရှား‌‌၏ ရွှေ တင်သွင်းမှုများကို တားမြစ် ပိတ်ပင်မည်

G7 နိုင်ငံများက ရုရှား‌‌၏ ရွှေ တင်သွင်းမှုများကို တားမြစ် ပိတ်ပင်မည်
By Mr John

 G7 အုပ်စု အဖွဲ့ဝင်နိုင်ငံများက ရုရှားရွှေ တင်သွင်းမှုများကို တားမြစ်ပိတ်ပင်သွားမည်ဖြစ်ပြီး ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ တင်းကျပ်ရန်နှင့် ယူကရိန်းတွင် ၎င်း၏ ထိုးစစ်ဆင်တိုက်ခိုက်နေမှု အားလျော့သွားစေရန် ရည်ရွယ်ကြောင်း အမေရိကန်နိုင်ငံက ဇွန်လ (၂၆) ရက်နေ့တွင် ပြောကြားလိုက်သည်။ 

"G7 က ကျွန်တော်တို့ ရုရှားရွှေ တင်သွင်းမှုကို ပိတ်ပင်သွားမယ်လို့ ကြေညာပါလိမ်မယ်။ ရွှေက ရုရှားအတွက် ဒေါ်လာဘီလီယံ ဆယ်ဂဏန်းနဲ့ချီ ဝင်ငွေရနေတဲ့ အဓိက ပြည်ပပို့ကုန် ဖြစ်ပါတယ်" ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က Twitter တွင် ပြောထားသည်။

ရုရှားထံမှ ရွှေများတင်သွင်းမှုကို တားမြစ်ပိတ်ပင်မည်ဟု ဗြိတိန်က G7 အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကနေဒါ၊ ဂျပန်နှင့် အမေရိကန်တို့နှင့်အတူ ကနဦး ထုတ်ဖော်ပြောခဲ့ခြင်း ဖြစ်သည်။ 

သို့သော် ကျန်ရှိသည့် G7 နိုင်ငံများကလည်း ဇွန်လ (၂၈) ရက်နေ့တွင် ရုရှားအပေါ် အရေးယူပိတ်ဆို့မှု တရားဝင် ထုတ်ပြန်ကြေညာချိန်တွင် ပါဝင်လာကြမည်ဟု အမေရိကန်အစိုးရ အကြီးတန်းအရာရှိတစ်ဦက ပြောသည်။

အနောက်အုပ်စုက ဘဏ်များ၊ စွမ်းအင်ကုမ္ပဏီများ၊ လေကြောင်းလိုင်းများ၊ နည်းပညာမြင့်နှင့် လူသုံးကုန်ပစ္စည်းများကို အရေးယူပိတ်ဆို့ထားမှုကြောင့် ရုရှား၏ စီးပွားရေးမှာ ကြီးမားသည့်ဖိအားအောက် ရောက်နေခဲ့ပြီးဖြစ်ရာ ၎င်း၏ရွှေဈေးကွက်ကို ပိတ်ပင်လိုက်ခြင်းက သိသာထင်ရှားသည့် သက်ရောက်မှုရှိလာမည်ဟု ဆိုသည်။ 

"ရွှေက စွမ်းအင်ပြီးရင် ရုရှားရဲ့ ဒုတိယအကြီးဆုံး ပြည်ပပို့ကုန်ဖြစ်ပြီး သမ္မတဗလာဒီမာပူတင်နဲ့ ရုရှားအတွက် သိသာထင်ရှားတဲ့ ဝင်ငွေအရင်းအမြစ်တစ်ခုပါ" ဟု အမေရိကန် အစိုးရအရာရှိက ပြောသည်။

၎င်း၏ ရွှေတင်ပို့မှုများကို ပိတ်ပင်လိုက်ခြင်းက ရုရှားနိုင်ငံကို ကမ္ဘာ့စီးပွားရေးကနေ ခွဲခြားထားပြီး ပို၍ အထီးကျန်စေမည်ဟု ဆိုသည်။ 

အိမ်ဖြူတော်၏ အဆိုအရ ၂၀၂၀ ခုနှစ်အတွင်း ရွှေတင်ပို့မှုအားလုံး၏ (၅) ရာခိုင်နှုန်းမှာ ရုရှားထံမှဖြစ်ကြောင်းနှင့် ရုရှားရွှေ (၉၀) ရာခိုင်နှုန်းကို G7 နိုင်ငံများသို့ တင်ပို့နေပြီး အဓိကအားဖြင့် ဗြိတိန်သို့ ဖြစ်ကြောင်း သိရသည်။ 

၂၀၂၁ ခုနှစ်တွင် ရုရှား၏ ပြည်ပသို့ ရွှေတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ (၁၅.၄) ဘီလီယံဖိုးရှိခဲ့သည်။

(၄၈) ကြိမ်‌မြောက် G7 ထိပ်သီးအစည်းအဝေးကို ဂျာမနီနိုင်ငံတွင် ဇွန်လ (၂၆) ရက်မှ (၂၈) ရက်အထိ (၃) ရက်ကြာ ကျင်းပပြုလုပ်နေပြီး ယူကရိန်းစစ်ပွဲနှင့် စွမ်းအင်ပြတ်လပ်မှုများမှ စားနပ်ရိက္ခာအကျပ်အတည်းအထိ ကျယ်ပြန့်သော စစ်ပွဲအကျိုးဆက်များကို အဓိကထား ဆွေးနွေးကြမည် ဖြစ်သည်။ 

G7 အုပ်စုတွင် ကနေဒါ၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ ပါဝင်ကြသည်။ 

ယခုနှစ် G7 ထိပ်သီးအစည်းအဝေးသို့ အာဂျင်တီးနား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဆီနီဂေါ၊ တောင်အာဖရိကနှင့် ယူကရိန်းတို့ကို ဧည့်သည်နိုင်ငံများအဖြစ် ဖိတ်ကြားခဲ့ကြောင်းလည်း သိရသည်။

G7 ထိပ်သီးအစည်းအဝေးတွင် ဧည့်သည်အဖြစ် ယူကရိန်းက ပါဝင်တက်ရောက်နေစဥ် အစည်းအဝေး စတင်သည့် ဇွန်လ (၂၆) ရက်နေ့၌ ရုရှားက ယူကရိန်းမြို့တော် ကိဗ်မြို့ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူတစ်ဦး သေဆုံးပြီး (၅) ဦး ဒဏ်ရာရခဲ့သည်။ 

ရုရှား၏တိုက်ခိုက်မှုကြောင့် ကိဗ်မြို့လယ်တွင် ဇွန်လ (၂၆) ရက် နံနက်အစောပိုင်းက ပေါက်ကွဲမှု (၄) ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်းနှင့် သီတင်းပတ်များအတွင်း ကိဗ်မြို့ကို ပထမဆုံးအကြိမ် တိုက်ခိုက်မှုလည်းဖြစ်ကြောင်း သိရသည်။

 ထို့နေ့ နောက်ပိုင်းတွင်လည်း ကိဗ်မြို့ တောင်ဘက်ဆင်ခြေဖုံးတွင် နောက်ထပ် ပေါက်ကွဲသံ (၂) ကြိမ် ကြားခဲ့ရကြောင်း Reuters သတင်းထောက်က ပြောသည်။

ရုရှားက ယူကရိန်းအရှေ့ပိုင်းရှိ အရေးပါသည့် Severodonetsk မြို့ကို ဇွန်လ (၂၅) ရက်တွင် အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီး နောက်တစ်ရက်တွင် ကိဗ်မြို့ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်လာခြင်း ဖြစ်သည်။ 

သီတင်းပတ်များကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် Severodnetsk ကို လက်လွှတ်လိုက်ရခြင်းမှာ ယူကရိန်းအတွက် တစ်လကျော်ကာလအတွင်း အကြီးဆုံး စစ်မြေပြင်၌ ဆုံးရှုံးမှုလည်းဖြစ်လာခဲ့သည်။

Source: AFP, BBC, Reuters