ရုရှားတွင် နောက်ထပ် စီးပွားရေးလုပ်ငန်း အကြီးအကဲတစ်ဦး ပဟေဠိဆန်ဆန် သေဆုံးပြန်

ရုရှား သမ္မတ ပူတင် နှင့်  Lukoil ရေနံကုမ္ပဏီကြီး၏ ဥက္ကဌဖြစ်သူ Ravil Maganov တို့ ၂၀၁၉ခုနှစ်က ရိုက်ထားသည့် ပုံ [ Photo: Sputnik/Mikhail Klimentyev/Kremlin ]
ရုရှား သမ္မတ ပူတင် နှင့် Lukoil ရေနံကုမ္ပဏီကြီး၏ ဥက္ကဌဖြစ်သူ Ravil Maganov တို့ ၂၀၁၉ခုနှစ်က ရိုက်ထားသည့် ပုံ [ Photo: Sputnik/Mikhail Klimentyev/Kremlin ]
ရုရှားတွင် နောက်ထပ် စီးပွားရေးလုပ်ငန်း အကြီးအကဲတစ်ဦး ပဟေဠိဆန်ဆန် သေဆုံးပြန်
စက်တင်ဘာ 2, 2022 | နိုင်ငံတကာသတင်း
By Mr John

ရုရှားနိုင်ငံတွင် Lukoil ရေနံကုမ္ပဏီကြီး၏ ဥက္ကဌဖြစ်သူ Ravil Maganov မှာ ‌မော်စကိုမြို့ရှိ ဆေးရုံတစ်ရုံ၏ ပြတင်းပေါက်မှ ပြုတ်ကျပြီးနောက် သေဆုံးသွားကြောင်း သတင်းများက ဖော်ပြသည်။ 

အသက် (၆၇) နှစ်အရွယ် Maganov ကို မော်စကိုမြို့ရှိ Central Clinical ဆေးရုံတွင် ကုသပေးခဲ့ပြီးနောက် ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြောင်း သတင်းရင်မြစ်များက ရုရှားမီဒီယာကို ပြောသည်။

စုံစမ်းစစ်ဆေးမှု အာဏာပိုင်များက Maganov မည်သို့ သေဆုံးခဲ့ကြောင်းကို ဖော်ထုတ်သိရှိနိုင်ရန် လုပ်ဆောင်နေသည်ဟု ပြောသည်။ 

Maganov က စက်တင်ဘာလ (၁) ရက် နံနက်အစောပိုင်းတွင် အဆောက်အအုံ၏ ခြောက်ထပ် ပြတင်းပေါက်မှ ပြုတ်ကျသွားခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြခဲ့ပြီး နောက်ပိုင်းတွင်မူ ၎င်းက ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ခြင်းဖြစ်ကြောင်း ထိုသတင်းဌာနက ဖြည့်စွက် ပြောခဲ့သည်။

၎င်း၏ သေဆုံးမှုမှာ ရုရှားတွင် ထင်ရှားသည့် စီးပွားရေးလုပ်ငန်း အကြီးအကဲများ ပဟေဠိဆန်သည့် အကြောင်းရင်းများကြောင့် ထူးဆန်းစွာ သေဆုံးသော နောက်ဆုံး သေဆုံးမှုဖြစ်ရပ်လည်း ဖြစ်လာခဲ့သည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် မကြာမီတွင် Lukoil ကုမ္ပဏီကြီးက စစ်ပွဲအဆုံးသတ်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

မတ်လအစောပိုင်းတွင် Lukoil ဘုတ်အဖွဲ့က ယူကရိန်းစစ်ပွဲကို တတ်နိုင်သမျှ အမြန်အဆုံးသတ်ရန်နှင့် အဆိုပါ အဖြစ်ဆိုးကြောင့် သေဆုံးဒဏ်ရာရသူများ၊ ထိခိုက်ခံစားရသူများကို ကိုယ်ချင်းစာနာကြောင်း ဖော်ပြခဲ့သည်။ 

၁၉၉၃ ခုနှစ်တွင် ပုဂ္ဂလိကရေနံကုမ္ပဏီတွင် စတင်လုပ်ကိုင်ခဲ့သည့် Maganov က Lukoil ၏ တည်ထောင်သူတစ်ဦးဖြစ်သော ဘုတ်အဖွဲ့ဥက္ကဌ Vagit Alekperov နှင့် ရင်းနှီးသူလည်း ဖြစ်သည်။

ရုရှားက ယူကရိန်းကို ကျူးကျော်မှုကြောင့် ဗြိတိန်က Vagit Alekperov ကို အရေးယူပိတ်ဆို့ခဲ့ပြီးနောက် ၎င်းက ဘုတ်အဖွဲ့ဥက္ကအဖြစ်မှ နုတ်ထွက်သွားခဲ့သည်။ 

ဧပြီလနှင့် မေလအတွင်းက Lukoil ကုမ္ပဏီ၏ အကြီးတန်း မန်နေဂျာဟောင်းဖြစ်သူ Alexander Subbotin မှာ ပုံမှန်မဟုတ်သည့် အခြေအနေဖြင့် သေဆုံးခဲ့သည်ဟု ဆိုသည်။

Source: BBC, Reuters