NASA ၏ လကမ္ဘာခရီးစဥ်အတွက် စမ်းသပ်လွှတ်တင်မည့်အစီအစဥ် အင်ဂျင်ပြဿနာကြောင့် ရွှေ့ဆိုင်း

NASA ၏ လကမ္ဘာခရီးစဥ်အတွက် စမ်းသပ်လွှတ်တင်မည့်အစီအစဥ် အင်ဂျင်ပြဿနာကြောင့် ရွှေ့ဆိုင်း
သြဂုတ် 30, 2022 | နိုင်ငံတကာသတင်း
By Mr John

NASA ၏ လကမ္ဘာခရီးစဥ်အတွက် မျိုးဆက်သစ်ဒုံးပျံ စမ်းသပ်လွှတ်တင်မည့်အစီအစဥ် အင်ဂျင်ပြဿနာကြောင့် ရွှေ့ဆိုင်း

လွန်ခဲ့သည့် နှစ် (၅၀) က Apollo 17 အာကာသခရီးစဥ်ဖြင့် လပေါ်သို့ အာကာသယာဥ်မှူးများ နောက်ဆုံးအကြိမ် သွားရောက်ခဲ့ပြီးနောက် အမေရိကန်အာကာသအေဂျင်စီ NASA ၏ လကမ္ဘာအနီးသို့ မျိုးဆက်သစ် အာကာသဒုံးပျံယာဥ် စမ်းသပ်လွှတ်တင်မည့် အစီအစဥ်မှာ အင်ဂျင်ပြဿနာတစ်ခုကြောင့် အနည်းဆုံး (၄) ရက်ကြာ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ဩဂုတ်လ (၂၉) ရက်နေ့က ဖလော်ရီဒါပြည်နယ် Cape Canaveral ရှိ ကနေဒီ အာကာသစင်တာ Cape Canaveral မှ မျိုးဆက်သစ်ဒုံးပျံ လွှတ်တင်မည့် အစီအစဥ်ကို လွှတ်တင်ရန် မိနစ် (၄၀) ခန့်အလိုအတွင် ဖျက်သိမ်းလိုက်ခြင်းလည်း ဖြစ်သည်။ 

(၃၂) ထပ်တိုက်အမြင့်ရှိပြီး အဆင့်နှစ်ဆင့် လွှတ်တင်ရေးစနစ် Space Launch System (SLS) ဒုံးပျံ့နှင့် ၎င်း၏ Orion အာကာသယာဥ်မှူးများအခန်းကို လွှတ်တင်ရန်စီစဥ်ခဲ့သော်လည်း အင်ဂျင်ပြဿနာကြောင့် အစီအစဥ် ရွှေ့ဆိုင်းခဲ့ရသည်။

ဒုံးပျံ၏ လောင်စာဆီကန်များကို အထူးအအေးခံထားသည့် အောက်စီဂျင်အရည်နှင့် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ ဖြည့်တင်းပြီးနောက် အဓိက အင်ဂျင်တစ်ခုတွင် ပြဿနာရှိမှုကြောင့် လွှတ်တင်ရေးအစီအစဥ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း အမေရိကန်အာကာသအေဂျင်စီ NASA က ပြောသည်။ 

မစ်ရှင်အင်ဂျင်နီယာများက ဒုံးပျံလွှတ်တင်ရန် အင်ဂျင်ကို အပူချိန်မှန်ကန်ရေး ရုန်းကန်ခဲ့ရသည်ဟု NASA က ဆိုသည်။

NASA က ဒုံးပျံ ပြန်လွှတ်တင်မည့်ရက်ကို အတိအကျ မထုတ်ပြန်ခဲ့သော်လည်း စက်တင်ဘာလ (၂) ရက်တွင် လွှတ်တင်နိုင်ရန် အခွင့်အလမ်းရှိသည်ဟု သိရသည်။ 

ဒုံးပျံလွှတ်တင်မည့်ရက်မှာ အင်ဂျင်နီယာများက ဒုံးပျံအင်ဂျင်ပြဿနာကို မည်မျှ မြန်ဆန်စွာ ဖြေရှင်းနိုင်ခြင်းအပေါ် မူတည်ကြောင်းလည်း NASA က ပြောသည်။ 

ထိုနောက်ပိုင်းတွင် စက်တင်ဘာလ (၅) ရက်နေ့၌ လွှတ်တင်နိုင်ရန် အခွင့်အလမ်းရှိကြောင်း သိရသည်။

SLS-Orion ဒုံးပျံ၏ ပွဲဦးထွက်ခရီးစဥ်မှာ ၁၉၆၀ ပြည့်လွန်နှင့် ၁၉၇၀ ပြည့်လွန် နှစ်များအတွင်း Apollo လကမ္ဘာခရီးစဥ်များနောက်ပိုင်း လကမ္ဘာပေါ်သို့ အာကာသယာဥ်မှူများ ပြန်လည်သွားရောက်မည့် NASA ၏ Artemis အစီအစဥ် စတင်ခြင်းဟုဆိုသည်။ 

ယခု အာကာသဒုံးပျံ လွှတ်တင်မည့်အစီအစဥ်တွင် အလေးချိန် ပေါင် (၅.၅၇) သန်းရှိ အာကာယာဥ်ကို သယ်ဆောင်ပျံသန်းမှုကို သရုပ်ပြ စမ်းသပ်ရန်ဖြစ်သည်။ 

NASA က ယခုခရီးစဥ်နောက်ပိုင်း ၂၀၂၄ ခုနှစ်တွင် ရည်မှန်းထားသော နောက်ဆက်တွဲခရီးစဥ်များ၌ အာကာသာယာဥ်မှူးကို သယ်ဆောင်သွားနိုင်မည်ဟု မျှော်မှန်းထားသည်။

Source: Reuters

Photo: REUTERS/Steve Nesius