တရုတ်ထောက်လှမ်းရေးညွှန်ချုပ်နှင့် အာဏာသိမ်း ဒုစစ်ခေါင်းဆောင်တို့ တွေ့ဆုံ

တရုတ်ထောက်လှမ်းရေးညွှန်ချုပ်နှင့် အာဏာသိမ်း ဒုစစ်ခေါင်းဆောင်တို့ တွေ့ဆုံ

 တရုတ်နိုင်ငံ ခေတ္တစစ်ဘက်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် Major General Yang Yang နှင့် အာဏာသိမ်း ဒုစစ်‌ခေါင်းဆောင် စိုးဝင်းတို့ ၂၀၂၃ခုနှစ်၊ မေလ( ၃၀ )ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံရာတွင် နှစ်နိုင်ငံ စစ်တပ်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနှင့် ပူပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပူပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည် 

တွေ့ဆုံပွဲကို တရုတ်နိုင်ငံ ပူးတွဲစစ်ဦးစီးဌာန၊ ခေတ္တစစ်ဘက်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ်နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာတရုတ်စစ်သံမှူး  Senior Colonel Wang Wei နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ 

၂၀၂၃ခုနှစ် ဇွန်လ(၁)ရက်နေ့တွင်လည်း အာဏာသိမ်းစစ်ကောင်စီနှင့် ညီနောင် တိုင်းရင်းသားလက်နက်ကိုင်( ၃ )ဖွဲ့တို့ မိုင်းလားမြို့၌ တွေ့ဆုံ ဆွေးနွေးရန်ရှိနေပြီး ယင်းဆွေးနွေးပွဲကို တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးခြင်းဖြစ်သည်ဟု သိရသည်။

မြောက်ပိုင်းညီ‌နောင်မဟာမိတ်(၃)ဖွဲ့တွင် ရက္ခိုင့်တပ်တော် (AA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA)တို့ပါဝင်သည်။

မြန်မာနိုင်ငံ အကျပ်အတည်းတွင် ဖြစ်နိုင်ခြေရှိသည့် ငြိမ်ချမ်းရေးဖော်ဆောင်သူအဖြစ် တရုတ်နိုင်ငံက ၎င်းတို့၏ အကျိုးစီးပွားအတွက် နိုင်ငံရေးအမြတ်ထုတ်မှုများအဖြစ် လုံးလုံးလျားလျား ဝင်ရောက်စွက်ဖက်လာနိုင်ပြီး တရုတ်က NUG နှင့် ထိတွေ့ ဆက်ဆံရမည့်အစား မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် (၂) နှစ်ကျော်က အာဏာသိမ်းခဲ့သည့် စစ်ဗိုလ်ချုပ်များနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုမျာကို တိုးမြှင့်လုပ်ဆောင်နေကြောင်း  Channel News Asia သတင်းဌာနကလည်း ရေးသား ဖော်ပြထားသည်။