အိန္ဒိယ အတိုက်အခံခေါင်းဆောင် ရာအူးလ်ဂန္ဒီ ငွေကြေးခဝါချမှုနှင့် ပတ်သက်၍ ခေါ်ယူ မေးမြန်းခံရ

အတိုက်အခံခေါင်းဆောင် ရာအူးလ်ဂန္ဒီ
အတိုက်အခံခေါင်းဆောင် ရာအူးလ်ဂန္ဒီ
အိန္ဒိယ အတိုက်အခံခေါင်းဆောင် ရာအူးလ်ဂန္ဒီ ငွေကြေးခဝါချမှုနှင့် ပတ်သက်၍ ခေါ်ယူ မေးမြန်းခံရ
By Mr John

အိန္ဒိယနိုင်ငံတွင် အတိုက်အခံခေါင်းဆောင် ရာအူးလ်ဂန္ဒီကို ငွေကြးခဝါချမှု စုံစမ်းစစ်ဆေးရေးမှူးများက ဇွန်လ (၁၃) ရက်နေ့က ခေါ်ယူမေးမြန်းခဲ့ရာ မြို့တော်နယူးဒေလီရှိ ဘဏ္ဍာရေးဆိုင်ရာ ရာဇဝတ်မှုတိုက်ဖျက်ရေးဌာန ရုံးခန်းအပြင်ဘက်၌ ၎င်းကို ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့ကြား တွန်းတိုက်မှုများဖြစ်ပေါ်ခဲ့သည်။ 

ယခု စုံစမ်းစစ်ဆေးမှုမှာ ဝန်ကြီးချုပ်မိုဒီ၏ BJP (Bharatiya Janata Party) ပါတီမှ အဖွဲ့ဝင်တစ်ဦးက ရာအူးလ်ဂန္ဒီနှင့် ၎င်း၏မိခင်ဖြစ်သူ အတိုက်အခံ ကွန်ဂရက်ပါတီ (Congress Party) ဥက္ကဌ ဆိုနီယာဂန္ဒီတို့ကို တိုင်ကြားထားသည့် (၉) နှစ်ကြာပြီဖြစ်သော တိုင်ကြားမှုတစ်ခုနှင့် ဆက်နွယ်နေကြောင်း သိရသည်။

ဂန္ဒီသားအမိနှင့် ကွန်ဂရက်ပါတီမှာ ဥပဒေနှင့်ဆန့်ကျင်သည့်ကိစ္စ ဘာမှလုပ်မထားကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများကို နိုင်ငံရေးအရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကွန်ဂရက်ပါတီ ပြောခွင့်ရအမျိုးသားက ပြောသည်။ 

"ကျွန်တော်တို့ ဒါကို မမူဘဲ ခုခံသွားမယ်။ မကြောက်မရွံ့ ရင်ဆိုင်သွားမယ်။ မေးခွန်းတိုင်းကို ကျနော်တို့ ဖြေသွားမယ်" ဟု ကွန်ဂရက်ပါတီ ပြောခွင့်ရအမျိုးသား Randeep Singh Surjewala က သတင်းထောက်များကို ပြောခဲ့သည်။

အိန္ဒိယတွင် ငွေကြေးခဝါချမှုနှင့် နိုင်ငံခြားငွေလဲလှယ်မှုဆိုင်ရာ ဥပဒေချိုးဖောက်မှုများကို ကိုင်တွယ်ဆောင်ရွက်ရသည့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ Enforcement Directorate မှ ပြောခွင့်ရ အမျိုးသားက ယခုကိစ္စနှင့် ပတ်သက်၍ မှတ်ချက်မပေးခဲ့ဟု ဆိုသည်။ 

ရာအူးလ်ဂန္ဒီက ကွန်ဂရက်ပါတီခေါင်းဆောင်များ၊ ပါတီဝန်ထမ်းများနှင့်အတူ မေးမြန်းမှုအတွက် Enforcement Directorate ရုံးခန်းသို့ ချီတက်ရန်ကြိုးပမ်းခဲ့ရာ ရဲတပ်ဖွဲ့က နယူးဒေလီမြို့ နေရာအချို့ကို အတားအဆီများချပြီး ပိတ်ဆို့ထားခဲ့ကြောင်း သိရသည်။

ရာအူးလ်ဂန္ဒီကို (၃) နာရီကြာ မေးမြန်းခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့က ရုံးအပြင်ဘက်ရှိ ပါတီထောက်ခံသူ အများအပြားကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ကွန်ဂရက်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။ 

ဂန္ဒီသားအမိမှာ အမှန်တကယ် လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသည့် ကုမ္ပဏီတစ်ခုကို တည်ထောင်ပြီး အမေရိကန်ဒေါ်လာ သန်း (၃၀၀) တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို တရားမဝင် ချုပ်ကိုင်ထားကြောင်း ယခုကိစ္စကို တိုင်ကြားထားသည့် BJP ပါတီ လွှတ်တော်အမတ် Subramanian Swamy က စွပ်စွဲထားသည်။ 

ထိုပိုင်ဆိုင်မှုများမှာ အိန္ဒိယနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်နှင့် ရာအူးလ်ဂန္ဒီ၏ အဘိုးဖြစ်သူ ဂျဝါလာနေရူးက ၁၉၃၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး National Herald သတင်းစာကို ပုံနှိပ်ထုတ်ဝေခဲ့သည့် ကုမ္ပဏီနှင့် သက်ဆိုင်ကြောင်း သိရသည်။

#TachileikNewsAgency 

Source: Reuters