ကျွန်မ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမှသာ မြန်မာကို နောက်တစ်ကြိမ် ထပ်သွားဖြစ်မှာပါ

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ [ Photo: Courtesy/UN]
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ [ Photo: Courtesy/UN]
ကျွန်မ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမှသာ မြန်မာကို နောက်တစ်ကြိမ် ထပ်သွားဖြစ်မှာပါ
စက်တင်ဘာ 6, 2022 | နိုင်ငံတကာသတင်း

 ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပြုမှသာ မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ် သွားရောက်မည်ဖြစ်ဟု စက်တင်ဘာလ (၅) ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ 

သူမက စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဩဂုတ်လအတွင်း လာရောက်တွေ့ဆုံခဲ့စဥ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရခဲ့ပေ။

မြန်မာနိုင်ငံ၏ အဖြစ်မှန်မှာ အကျပ်အတည်းကနေထွက်ရန် ရှင်းလင်းတိကျသည့် လမ်းကြောင်းမရှိကြောင်းနှင့် လွယ်ကူသည့် ဖြေရှင်းမှုများရှိလာမည်မဟုတ်ဟု နိုလင်းဟေဇာက စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲတစ်ခုတွင် သုံးသပ်ပြောကြားခဲ့သည်။ 

မြန်မာ့အရေးကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကြား မတူညီသည့် ရပ်တည်မှုများဖြင့် ဆက်လက် ရပ်တည်နေကြောင်းနှင့် နိုင်ငံရေးပြဿနာ ဖြေရှင်းမှုများကို ပြင်ပကနေ ချမှတ်ဆောင်ရွက်၍ မရနိုင်ကြောင်းလည်း နိုလင်းဟေဇာက ထုတ်ပြန်ချက်တွင် မှတ်ချက်ပြုခဲ့သည်။

ပြီးခဲ့သည့်ဩဂုတ်လ မြန်မာနိုင်ငံခရီစဥ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အခြား အရာရှိများနှင့် တွေ့ဆုံခဲ့စဥ် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဥ်းသားများအားလုံးကို ပြန်လွှတ်ပေးရန်နှင့် သေဒဏ်ချမှတ် ကွပ်မျက်မှုများ ရပ်တန့်ရန် တောင်းဆိုခဲ့သည်ဟု ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဆိုသည်။ 

"ကျွန်မ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမှသာ မြန်မာကို နောက်တစ်ကြိမ် ထပ်သွားဖြစ်မှာပါ" ဟု နိုလင်းဟေဇာက ISEAS–Yusof Ishak Institute က စီစဥ်ကျင်းပသည့် ဆွေးနွေးပွဲပြင်ပတွင် ပြောခဲ့သည်။

"သူမ လက်ရှိ နေနေရတဲ့ အခြေအနေအရ ဒေါ်အောင်ဆန်းကြည်ရဲ့  ကျန်းမာရေး၊ နေထိုင်စားသောက်ရမှု နှင့် ပတ်သက်ပြီး အလွန် စိုးရိမ်ပါတယ်။ မကြာခင် သူမ အိမ်ပြန်ရောက်နိုင်ဖို့ တောင်းဆိုပါတယ်။"ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၇)ရက်နေ့က ထိပ်တိုက်တွေ့ဆုံစဉ်  မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စနိုလင်းဟေဇာက တောင်းဆိုခဲ့သေးသည်။

 



Source: Reuters