ယူကရိန်းတောင်ပိုင်း မာရီယူပိုးမြို့တွင် ပိတ်မိနေသည့် အရပ်သားများကို ရွှေ့ပြောင်းပေးနေ

Photo: REUTERS/Alexander Ermochenko/Igor Tkachenko
Photo: REUTERS/Alexander Ermochenko/Igor Tkachenko
ယူကရိန်းတောင်ပိုင်း မာရီယူပိုးမြို့တွင် ပိတ်မိနေသည့် အရပ်သားများကို ရွှေ့ပြောင်းပေးနေ
By Mr John

ရုရှားတပ်ဖွဲ့များ ဝိုင်းပတ်ပိတ်ဆို့ထားသည့် မာရီယူပိုးမြို့ရှိ စတီးလ်စက်ရုံအတွင်း ပိတ်မိနေသည့် အရပ်သားများကို ရွှေ့ပြောင်းပေးနေပြီဟု ကုလသမဂ္ဂက အတည်ပြု ပြောကြားသည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးကလည်း နိုင်ငံတောင်ပိုင်း မာရီယူပိုးမြို့ရှိ Azovstal စတီးလ်စက်ရုံမှ အရပ်သားများရွှေ့ပြောင်းမှု စတင်နေပြီဖြစ်ပြီး မေလ (၁) ရက်နေ့တွင် လူဦးရေ (၁၀၀) ခန့် ပါဝင်သည့် အုပ်စုတစ်ခု ပထမဆုံး ထွက်ခွာသွားပြီဟု ပြောထားသည်။ ၎င်းတို့သည် မေလ (၂) ရက်နေ့တွင် Zaporizhzhia မြို့သို့ ရောက်ရှိမည်ဟု ဆိုသည်။



မာရီယူပိုးမြို့ကောင်စီက စတီးလ်စက်ရုံအနီး မြို့တွင်းမှာ ကျန်ရှိနေသည့် မြို့ခံများကို ရွှေ့ပြောင်းရနိုင်ခြေအတွက် ဈေးဝယ်စင်တာတစ်ခုတွင် လာရောက်စုရုံးကြရန် ဖိတ်ခေါ်ထားကြောင်းလည်း သိရသည်။

ထိုအတောအတွင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ International Committee of the Red Cross (ICRC) ကလည်း မာရီယူပိုးမှ အရပ်သားများ ရွှေ့ပြောင်းနေပြီဟု အတည်ပြုခဲ့သည်။



"လုံခြုံတဲ့လမ်းကြောင်းဖြင့် ရွှေ့ပြောင်းရေးလုပ်ငန်းကို ကုလသမဂ္ဂနှင့် ပဋိပက္ခတွင် ပါဝင်သည့်အဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်" ဟု ICRC ပြောခွင့်ရအမျိုးသားက ပြောသည်။

အရပ်သားများ ရွှေ့ပြောင်းနေမှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို အရပ်သားများနှင့် ရွှေ့ပြောင်းရေးယာဥ်တန်း ဘေးကင်းလုံခြုံရေးအတွက် အကန့်အသတ်ဖြင့်သာ ထုတ်ဖော်ပြောနိုင်ကြောင်း ICRC က ဆိုသည်။



မာရီယူပိုးမှ အရပ်သားများကို ယူကရိန်းထိန်းချုပ်နယ်မြေနှင့် ရုရှားထိန်းချုပ်နယ်မြေ နှစ်ခုစလုံးသို့ ရွှေ့ပြောင်းပေးနေကြောင်းခြင်းလည်း ဖြစ်သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်မှုအရ စတီးလ်စက်ရုံအတွင်းမှ ယူကရိန်းအရပ်သား (၅၀) နီးပါး ရွှေ့ပြောင်းထွက်ခွာနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ အချို့ကို ယူကရိန်းနိုင်ငံအတွင်း ရုရှားထိန်းချုပ်ထားသည့် Bezimenne ကျေးရွာရှိ ယာယီစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။



Azovstal စတီးလ်စက်ရုံဝင်းအတွင်း အရပ်သား ၁,၀၀၀ ခန့်နှင့် ဒဏ်ရာရထားသည့် စစ်သား ၅၀၀ ကျော် ပိတ်မိနေကြောင်း ယူကရိန်းအစိုးရတာဝန်ရှိသူတွေက ပြောထားသည်။

သို့သော် စတီးလ်စက်ရုံဝင်းအပြင် မာရီယူပိုးလ်မြို့အတွင်း ခန့်မှန်ခြေအားဖြင့် မြို့ခံ ၁၀၀,၀၀၀ မှာ ရေမရှိ၊ ဂက်စ် သို့မဟုတ် ဆက်သွယ်ရေးမရှိဘဲ ပိတ်မိနေကြသည်ဟု ဆိုသည်။ မာရီယူပိုးမြို့ကို ရုရှားတပ်ဖွဲ့တွေက သီတင်းပတ်များအတွင်း အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။



Source: Reuters, BBC