ရုရှား၏ ကျူးကျော်စစ်ပွဲကြောင့် ယူကရိန်းပြည်သူ  (၈,၅၀၀) နီးပါး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ အတည်ပြု

  ရုရှား၏ ကျူးကျော်စစ်ပွဲကြောင့် ယူကရိန်းပြည်သူ  (၈,၅၀၀) နီးပါး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ အတည်ပြု
By Mr John

 ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲမှုအတွင်း အရပ်သား (၈,၅၀၀) နီးပါး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ၎င်းတို့ ရရှိထားသည့် စာရင်းအရ  ၂၀၂၃ခုနှစ် ဧပြီလ (၁၁) ရက်နေ့တွင် အတည်ပြုခဲ့ပြီး အတည်မပြုနိုင်သော သေဆုံးသူ ထောင်ပေါင်းများစွာလည်း ရှိနိုင်သေးကြောင်း သိရသည်။ 

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်မှ ၂၀၂၃ ခုနှစ် ဧပြီလ (၉) ရက်အထိ စစ်ပွဲကြောင့် အရပ်သား (၈,၄၉၀) ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး Office of the United Nations High Commissioner for Human Rights  (OHCHR) က ပြောသည်။

စစ်ပွဲဇုန်အတွင်း အချက်အလက် စုဆောင်းရယူရန် အကန့်အသတ်ရှိမှုကြောင့် အမှန်တကယ် သေဆုံးသူအရေအတွက်မှာ ယခုထက်ပိုများနိုင်ကြောင်းလည်း OHCHR က ဆိုသည်။ 

အရပ်သားသေဆုံးမှု အများစုမှာ ရုရှားတပ်ဖွဲ့များ၏ တိုက်ခိုက်မှုခံရသော ယူကရိန်းအစိုးရ ထိန်းချုပ်နယ်မြေများတွင်ဖြစ်သလို  ပြင်းထန်သည့် တိုက်ခိုက်မှုများခံရသည့် Donetsk နှင့် Luhansk နယ်မြေများတွင် သေဆုံးသူ (၃,၉၂၇) ဦးရှိခဲ့ကြောင်း သိရသည်။ 

"တိုက်ပွဲပြင်းထန်နေသည့် နေရာအချို့မှ သတင်းအချက်အလက်များ ဆက်လက်ရယူနေရာတွင် နှောင့်နှေးနေပြီး အစီရင်ခံစာ အများအပြားကို အတည်မပြုရသေးရာ အမှန်တကယ် သေဆုံးသူအရေအတွက်မှာ ပိုမိုများပြားနိုင်ကြောင်း ယူဆရသည်" ဟု OHCHR က ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

ရုရှားတပ်ဖွဲ့များက ယူကရိန်းအရှေ့ပိုင်း Donetsk နယ်မြေတွင် အပြင်းအထန် ထိုးစစ်ဆင်နေခဲ့ပြီး ထိုနယ်မြေအတွင်းရှိ မြို့ကြီးမြို့ငယ်များမှာ အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခံနေခဲ့ရသည်။

ရုရှားတပ်ဖွဲ့များက ယူကရိန်းတွင် စစ်ဘက် အရပ်ဘက် ပစ်မှတ်ခွဲခြားခြင်းမရှိဘဲ ထင်သလို တိုက်ခိုက်ခဲ့ကြကြောင်း ကုလသမဂ္ဂက ဖွဲ့စည်းတာဝန်ပေးထားသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြီးခဲ့သည့်လအတွင်း တွေ့ရှိထားသည်။ 

မည်သို့ပင် ဆိုစေကာမူ ရုရှားဘက်က  အရပ်သားများကို ပစ်မှတ်ထားခြင်း သို့မဟုတ် ရက်စက်ကြမ်းကြုတ်မှုများ မရှိခဲ့ကြောင်း အစဥ်တစိုက် ငြင်းဆိုနေခဲ့သည်။



 Source: Reuters