ပဇီကြီးကျေးရွာအတွင်း လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကို အာဆီယံအဖွဲ့က ပြင်းထန်စွာ ရှုတ်ချ

ပဇီကြီးကျေးရွာအတွင်း လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကို အာဆီယံအဖွဲ့က ပြင်းထန်စွာ ရှုတ်ချ
By Mr John

 မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်အုပ်စုက အရပ်သားများ စုဝေးနေကြသည့် ပဇီကြီးကျေးရွာကို  လေကြောင်းမှ တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်၍ အာဆီယံအဖွဲ့အစည်းက ပြင်းထန်စွာ ရှုတ်ချကြောင်း အလှည့်ကျ ဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက ၂၀၂၃ခုနှစ် ဧပြီလ (၁၃)ရက်နေ့တွင် ထုတ်ပြန်ပြောကြားသည်။ 

ဧပြီလ (၁၁) ရက် နံနက်အစောပိုင်းတွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းရှိ ပဇီကြီးကျေးရွာ၌ အရပ်သားများ စုဝေးရှိနေကြစဥ် စစ်အုပ်စုက တိုက်လေယာဥ်များ၊ တိုက်ခိုက်ရေးရဟတ်ယာဥ်များဖြင့် တိုက်ခိုက်ခဲ့ရာ ကလေးငယ်များ အပါအဝင် အနည်းဆုံး လူ (၁၀၀) ကျော် အစုလိုက်အပြုံလိုက် သေဆုံးခဲ့သည်။

"အကြမ်းဖက်မှု ပုံစံအားလုံးကို ချက်ချင်း ရပ်တန့်ရမည်။ အထူးသဖြင့် အရပ်သားတွေကို အင်အားသုံး တိုက်ခိုက်မှုကို ရပ်တန့်ရမည်"ဟု အာဆီယံဥက္ကဌ အင်ဒိုနီးရှားက ထုတ်ပြန်ချက်တွင် ပြောခဲ့သည်။ 

"မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့မှုရှိသော ငြိမ်းချမ်းသည့် ဖြေရှင်းနည်းတစ်ခုကို ရှာဖွေရန် အားလုံးပါဝင်သော ဆွေးနွေးညှိနှိုင်းမှုအတွက် အထောက်အကူပြုသည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးခြင်းကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါမည်"ဟုလည်း အာဆီယံဥက္ကဌက ဆိုသည်။

အာဆီယံက အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် နှင့် ၂၀၂၁ ခုနှစ်တွင် ဘုံသဘောတူညီချက် (၅) ချက် ပါဝင်သော ငြိမ်းချမ်းရေးအစီအစဥ်တစ်ခုကို သဘောတူညီမှု ရရှိခဲ့သော်လည်း စစ်အုပ်စုက သဘောတူညီမှုအတိုင်း လက်တွေ့ အကောင်အထည်ဖော်ခြင်းမရှိဘဲ လစ်လျူရှုထားခဲ့သည်။ 

အာဏာသိမ်း စစ်အုပ်စုက ပဇီကြီးရွာကို လေကြောင်းမှ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ခဲ့မှုအပေါ် ကုလသမဂ္ဂအကြီးအကဲနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ရှုတ်ချမှုများလည်း ရှိနေသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ကဏ္ဍပေါင်းစုံတွင် အကျပ်အတည်းများ ဖြစ်ပေါ်နေပြီး ကသောင်းကနင်း အခြေအနေ ဖြစ်နေသည်။

Source: Reuters