စစ်ကိုင်းမြို့နယ်တွင် မိုင်းဆွဲခံရသဖြင့် သေဆုံးသည့် ပျူစောထီးအလောင်း လာကောက်သော စစ်ကောင်စီတပ်သားများ ထပ်မံမိုင်းဆွဲခံရကာ သေဆုံး

စစ်ကိုင်းမြို့နယ်တွင် မိုင်းဆွဲခံရသဖြင့် သေဆုံးသည့် ပျူစောထီးအလောင်း လာကောက်သော စစ်ကောင်စီတပ်သားများ ထပ်မံမိုင်းဆွဲခံရကာ သေဆုံး
နိုဝင်ဘာ 30, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် မာလဲတောရွာ ပျူစောထီးစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို တော်လှန်ရေးတပ်များက ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူရှိခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခြင်းကြောင့် သေဆုံးသွားသည့် ပျူစောထီးတစ်ဦးအား လာရောက်အလောင်းကောက်ယူသည့် စစ်ကောင်စီတပ်ကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး ထပ်မံသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း သိရသည်။

ထို့အပြင် မာလဲတောရွာ ပျူစောထီးစခန်းအား Phoenix Sgg၊ Royal Falcon၊ Unicorn၊ စစ်ကိုင်းခရိုင် တပ်ရင်း ၇ တို့ ပူးပေါင်း၍ စစ်ကိုင်းမြို့နယ် ပကဖမှ ထုတ်လုပ်သော Droneဖြင့် ဗုံးသီး(၁၀)လုံးချ ထပ်မံတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၁)ရက်နေ့နှင့် (၂၂)ရက်နေ့တို့တွင်လည်း စစ်ကိုင်းမြို့နယ် အုန်းတော အမှတ်(၆၀၀၅) တင့်ကားတပ်နှင့် မာလဲတောရွာ ပျူစောထီးစခန်းတို့ကို နှစ်ရက်ဆက် ဗုံးသီး(၈)လုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က တပ်အနီးရှိ ကျေးရွာများကို ကင်းပတ်ခြင်းနှင့် တစ်ညလုံးနီးပါး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့၍ ကျေးရွာနေပြည်သူများ တိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency