ကန့်ဘလူခရိုင်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က ကျေးရွာများအား (၈)ရက်ကြာ စစ်ကြောင်း ထိုးနေပြီး ဒေသခံ (၁၀)ဦးထက်မနည်းကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

ကန့်ဘလူခရိုင်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က ကျေးရွာများအား (၈)ရက်ကြာ စစ်ကြောင်း ထိုးနေပြီး ဒေသခံ (၁၀)ဦးထက်မနည်းကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် (၈)ရက်ကြာ စစ်ကြောင်းထိုးနေပြီး ဒေသခံ ( ၁၀ )ဦးထက်မနည်းကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ ဧပြီလ(၁၉)ရက်နေ့မှ (၂၇)ရက်နေ့အထိ စစ်ကြောင်းထိုး၍ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် အပြင် ဒေသခံ(၁၀)ဦးထက်မနည်းကိုလည်း လူသားတံတိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဧပြီလ (၁၁)ရက်နေ့က ပဇီကြီးကျေးရွာအား လေကြောင်းတိုက်ခိုက်ပြီးနောက် ပဇီကြီးကျေးရွာအပါအဝင် အနီးတဝိုက်ရှိ ကျေးရွာများအား ခြေမြန်တပ်ရင်း (၃၆၁)နှင့် တပ်မ(၈၈) လက်အောက်ခံ တပ်ဖွဲ့များက စစ်ကြောင်းနှစ်ကြောင်းဖြင့် နေ့စဉ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ဧပြီလ(၂၇)ရက်တွင် ကန့်ဘလူခရိုင်၊ မလည်တိုက်နယ်အတွင်းရှိ စကျင်ကျေးရွာအား စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းပြီးနောက် ကျေးရွာရှိ ဒေသခံ (၁၀)ဦးထက် မနည်းကိုလည်း လူသားတံတိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ ဧပြီလ (၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

(၈)ရက်ကြာ စစ်ကောင်စီ၏ စီးနင်းတိုက်ခိုက်မှုများအတွင်း ပဇီကြီး၊ ချောင်းသာ၊ မြေမွန်၊ လေးတွင်းစဉ် စသည့်ကျေးရွာများမှ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရကာ စစ်ကောင်စီတပ်ဖွဲ့များ လှည့်လည်စစ်ကြောင်းထိုးနေဆဲ ဖြစ်သည့်အတွက် ပျက်စီးအိမ်ခြေ အရေအတွက်ကိုမူ အတိအကျမသိရသေးပေ။ 

ဒါ့အပြင် မြေပြင် နှင့် လေကြောင်းများကနေ စစ်ကြောင်းထိုးတိုက်ခိုက်မှုများကြောင့် ပဇီကြီး၊ လေးတွင်းစဉ်၊ ထန်းတော၊ မယ်ဇတော၊ ချောင်းရှည်၊ ချောင်းသာ၊ မေတ္တာမွန်၊ မြေမွန်၊ စကျင်၊ တရော်ကိုင်း၊ ရေရှင်၊ ဘူးကုန်းနှင့် ရွှေပြည်လင်း စသည့် ကျေးရွာ ၁၃ ရွာမှ ဒေသခံ တစ်သောင်းကျော်မှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်တပ်မှ စစ်သားများသည် ကျေးရွာများတွင် ကြမ်းတမ်းရိုင်းစိုင်းမှုများမှာ အဆမတန်ဖြစ်ပွားနေပြီး ကျေးရွာနေပြည်သူများမှာ ညှင်းပမ်းနှိပ်စက်ခြင်းကို ခံနေရသော်လည်း ၎င်းတို့ကို စစ်ကောင်စီတပ်က PDF များဟု စွပ်စွဲသလို PDF များအား ထောက်ခံသူဟု သတ်မှတ်ကာ မထင်ရင် မထင်သလို သတ်ဖြတ်သည်အထိပါ လုပ်ဆောင်လေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။