မလေးရှားနိုင်ငံရှိ ကမ္ဘာ့ဒုတိယအမြင့်ဆုံး အဆောက်အအုံ၏ ထိပ်ဆုံးသို့တက်ရောက်ခဲ့သည့် စုံတွဲ စုံစမ်းစစ်ဆေးခံရ

မလေးရှားနိုင်ငံရှိ ကမ္ဘာ့ဒုတိယအမြင့်ဆုံး အဆောက်အအုံ၏ ထိပ်ဆုံးသို့တက်ရောက်ခဲ့သည့် စုံတွဲ စုံစမ်းစစ်ဆေးခံရ
ဒီဇင်ဘာ 30, 2022 | နိုင်ငံတကာသတင်း
By Mr John

မလေးရှားနိုင်ငံတွင် ဆောက်လုပ်နေဆဲ ကမ္ဘာ့ဒုတိယအမြင့်ဆုံး Merdeka 118 မိုးမျှော်တိုက် အဆောက်အအုံ၏ ထိပ်ဆုံးနေရာသို့ တက်ရောက်ခဲ့ကြသည့် စုံတွဲတစ်တွဲကို စုံစမ်းစစ်ဆေးနေကြောင်း မလေးရှားရဲတပ်ဖွဲ့က ဒီဇင်ဘာလ (၂၈) ရက်တွင် ပြောသည်။ 

Merdeka 118 ၏ ထိပ်ဆုံးနေရာသို့ ရောက်ရှိနေခဲ့သည့် ထိုစုံတွဲ၏ ဓာတ်ပုံများ ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့လာခဲ့ပြီးနောက် မလေးရှားရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သတင်းများအရ ထိုစုံတွဲကို ကျူးကျော်ဝင်ရောက်မှုဖြင့် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ 

ကမ္ဘာ့ဒုတိယအမြင့်ဆုံး အဆောက်အအုံဖြစ်သည့် Merdeka 118 ကို ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် တည်ဆောက်ပြီးစီးမည်ဟု PNB Merdeka Ventures ကုမ္ပဏီကို ကိုးကားပြီး မလေးရှားသတင်းဌာန The Star က ဖော်ပြသည်။ 

မိုးမျှော်တိုက်တည်ဆောက်နေသည့် PNB Merdeka Ventures က ယခုကိစ္စနှင့် ပတ်သက်၍ အာဏာပိုင်များနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပြီး ကူညီသွားမည်ဟု ဆိုသည်။

Merdeka 118 အဆောက်အအုံမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင် နေရာတစ်ခု ဖြစ်နေဆဲဖြစ်ပြီး ဘေးကင်းလုံခြုံရေးမှာ ဦးစားပေးဖြစ်ကြောင်း ဒီဇင်ဘာလ (၂၉) ရက်တွင်  ကုမ္ပဏီက ထုတ်ပြန်သည်။ 

"စုံစမ်းစစ်ဆေးရေး လုပ်နေပါတယ်။ ပုဂ္ဂလိကပိုင်ဆိုင်မှုတစ်ခုအဖြစ် ကျူးကျော်ဝင်ရောက်သူ မည်သူမဆို ဥပဒေအတိုင်း တာဝန်ခံရမှာဖြစ်ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

အဆိုပါစုံတွဲက ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် ၎င်းတို့၏ Instagram အကောင့်များ၌ ဆောက်လုပ်နေဆဲ Merdeka 118 မိုးမျှော်တိုက်၏ ထိပ်ဆုံးသို့ ရောက်ရှိနေကြောင်း မှတ်တမ်းတင်ထားသည့် ဗီဒီယိုများ တင်ခဲ့ကြသည်။ 

အမျိုးသားဖြစ်သူ Ivan Beerkus က "Merdeka 118 ရဲ့ ထိပ်ဆုံး (၆၇၉ မီတာ/၂,၂၂၇ ပေ)။ ကမ္ဘာမှာ ဒုတိယအမြင့်ဆုံး အဆောက်အအုံပဲ" ဟု ရေးသားထားသည်။

"ကိုယ့်ခံစားချက်ကို ရှင်းမပြတတ်ဘူး။ ရောက်ဖူးခဲ့သမျှထဲမှာ အလှပဆုံး အဆောက်အအုံပဲ" ဟုလည်း ၎င်းကဆိုသည်။ 

The Star သတင်း၏ ဖော်ပြမှုအရ Beerkus နှင့် ၎င်း၏ လက်တွဲဖော် အမျိုးသမီး Angela Nikolau တို့မှာ အန္တရာယ်များသည့် အမြင့်နေရာများသို့ စွန့်စားတက်ရောက်မှုကြောင့် လူသိများကြပြီး ထိုသို့တက်ရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံနှင့်ဗီဒီယို အများအပြားကို ၎င်းတို့၏ Instagram အကောင့်များတွင် တင်လေ့ရှိကြောင်း သိရသည်။

Source: The Star, CNA

Photo: skyscrapercity, Instagram/beerkus, angela_nikolau,