တောင်ကိုရီးယားနှင့် အမေရိကန်က တိုက်လေယာဥ်များ ပျံသန်းပြီး မြောက်ကိုရီးယားကို လေကြောင်းအင်အား ပြသခဲ့

တောင်ကိုရီးယားနှင့် အမေရိကန်က တိုက်လေယာဥ်များ ပျံသန်းပြီး မြောက်ကိုရီးယားကို လေကြောင်းအင်အား ပြသခဲ့
By Mr John

မြောက်ကိုရီးယား၏ လတ်တလော ဒုံးကျည်စမ်းသပ်မှုများကို တုံ့ပြန်သတိပေးမှုအဖြစ် တောင်ကိုရီးယားနှင့် အမေရိကန်က ကိုရီးယားကျွန်းဆွယ်အနောက်ပိုင်း ပင်လယ်ရေပြင်အထက်တွင် ဇွန်လ (၇) ရက်နေ့က တိုက်လေယာဥ် အစီး (၂၀) ပျံသန်းပြီး ၎င်းတို့၏ ပူးတွဲလေကြောင်းအင်အားကို ပြသခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားတွင် အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman ရောက်ရှိနေစဥ်အတွင်း တိုက်လေယာဥ်အုပ်စု ပျံသန်းခဲ့ခြင်းလည်း ဖြစ်သည်။

မြောက်ကိုရီးယားက နျူကလီးယားလက်နက်စမ်းသပ်ခဲ့ပါက ခိုင်မာရှင်းလင်းသည့် တုံ့ပြန်မှုတစ်ခု ရှိလာလိမ့်မည်ဟု အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည်။

တောင်ကိုရီးယားနှင့် အမေရိကန်က ဒုံးကျည် (၈) စင်း ပစ်လွှတ်ကာ မြောက်ကိုရီးယားကို သတိပေးခဲ့ပြီး နောက်တစ်ရက်တွင် တိုက်လေယာဥ်အုပ်စု ပျံသန်းကာ လေကြောင်းအင်အား ပြသခဲ့ခြင်းလည်း ဖြစ်သည်။

ပျံသန်းပြခဲ့သည့် စစ်လေယာဥ်များအနက် F-35A ကိုယ်ပျောက်တိုက်လေယာဥ်များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

"တောင်ကိုရီးယားနှင့် အမေရိကန်က မြောက်ကိုရီးယား ရန်စမှုမှန်သမျှကို လျင်မြန်စွာနှင့် တိကျစွာ တိုက်ခိုက်ရန် ၎င်းတို့၏ ခိုင်မာသော စွမ်းရည်နှင့် ဆုံးဖြတ်ချက်ကို ပြသခဲ့ခြင်းဖြစ်သည်" ဟု တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ချက်တွင် ပြောထားသည်။

မဟာမိတ်များက မြောက်ကိုရီးယား၏ နောက်ထပ် ရန်စမှုမှန်မျှအတွက် အနီးကပ်စောင့်ကြည့်နေပြီး ပြင်ဆင်နေကြောင်းလည်း ထိုထုတ်ပြန်ချက်က ဆိုသည်။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နှင့် တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Cho Hyun-dong တို့ ဆိုးလ်မြို့တွင် မြောက်ကိုရီးယားအရေး ဆွေးနွေးရန် တွေ့ဆုံခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ချက် ထုတ်ခဲ့ခြင်းဖြစ်သည်။

အထီးကျန်နိုင်ငံအဖြစ် ရပ်တည်နေသည့် မြောက်ကိုရီးယားက ယခုနှစ်အတွင်း ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုများ ဆက်တိုက် လုပ်ဆောင်နေခဲ့ပြီး ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် နျူကလီးယားလက်နက်စမ်းသပ်ရန် ပြန်လည်စတင်ရန် ပြင်ဆင်နေကြောင်း လေ့လာသူအချို့က ယူဆထားကြသည်။

"နျူကလီးယားစမ်းသပ်မှုမှန်သမျှက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို လုံးဝချိုးဖောက်မှုဖြစ်ပြီး ဒီလိုစမ်းသပ်မှုကို လျင်မြန်ပြင်ထန်းတဲ့ တုံ့ပြန်မှုရှိလာပါလိမ့်မယ်။ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့သာမကဘဲ တစ်ကမ္ဘာလုံးက ခိုင်မာပြတ်သားတဲ့ တုံ့ပြန်မှုပုံစံရှိလာမယ်လို့ ကျွန်မ ယူဆပါတယ်" ဟု Wendy Sherman က ပြောသည်။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဇွန်လ (၈) ရက်နေ့တွင် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့နှင့် ဆွေးနွေးမှု ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှုများ ဆက်တိုက် လုပ်ဆောင်နေခဲ့သည့် မြောက်ကိုရီးယားက ဇွန်လ (၅) ရက် တစ်ရက်တည်းတွင် တာတိုပစ် ပဲ့ထိန်းဒုံးကျည် (၈) စင်း ပစ်လွှတ်စမ်းသပ်ခဲ့သည်။

မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုများမှာ တောင်ကိုရီးယားအစိုးရသစ်၏ လုံခြုံရေးအဆင်သင့်ဖြစ်ခြင်းကို စမ်းသပ်မှုနှင့် စိန်ခေါ်မှုဖြစ်ကြောင်း တောင်ကိုရီးယား၏ နိုင်ငံတော်လုံခြုံရေးကောင်စီ National Security Council (NSC) အစည်းအဝေးက ကောက်ချက်ချခဲ့သည်။

မေလအတွင်း တောင်ကိုရီးယားသမ္မတဖြစ်လာသည့် ယွန်းဆက်ယိုကလည်း မြောက်ကိုရီးယားအရေးတွင် ပိုမိုတင်းမာသည့် ချဥ်းကပ်မှုလုပ်ဆောင်မည်ဟု ကတိပြုထားသည်။

မြောက်ကိုရီးယားကို ရွှေပြည်အေးတရားဟော နှစ်သိမ့်သည့်ခေတ် ကုန်သွားပြီဖြစ်ပြီး တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံကြား ဆွေးနွေးမှုအသစ်များကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဘက်က စတင်ရမည်ဟု သမ္မတယွန်းဆက်ယိုက မေလ (၂၃) ရက်နေ့တွင် ပြောခဲ့သည်။

Source: CNN, Reuters