အစ္စရေးတွင် လွှတ်တော်ဖျက်သိမ်းပြီး ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင် 

ယာယီဝန်ကြီးချုပ် ဖြစ်လာမည့်  နိုင်ငံခြားရေးဝန်ကြီး Yair Lapid
ယာယီဝန်ကြီးချုပ် ဖြစ်လာမည့် နိုင်ငံခြားရေးဝန်ကြီး Yair Lapid
အစ္စရေးတွင် လွှတ်တော်ဖျက်သိမ်းပြီး ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင် 
By Mr John

 အစ္စရေးနိုင်ငံတွင် လာမည့် သီတင်းပတ်အတွင်း လွှတ်တော်ဖျက်သိမ်းရန် အမတ်များက မဲခွဲဆုံးဖြတ်မည်ဖြစ်ပြီး (၃) နှစ်အတွင်း (၅) ကြိမ်မြောက် ရွေးကောက်ပွဲကျင်းပရန် လမ်းပွင့်သွားကြောင်း သိရသည်။ 

လက်ရှိဝန်ကြီးချုပ် Naftali Bennett က ညွှန့်ပေါင်းအစိုးရအပေါ်  ဖိအားများတိုးလာမှုကို မကိုင်တွယ်နိုင်ဖြစ်လာပြီးနောက် အဓိက မဟာမိတ်ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး Yair Lapid က ယာယီဝန်ကြီးချုပ်အဖြစ် ၎င်း၏နေရာကို လာမည့် သီတင်းပတ်အတွင်း အစားထိုး တာဝန်ယူရန် သဘောတူညီခဲ့သည်။

အစ္စရေးတွင် သီတင်းပတ်များကြာ နိုင်ငံရေး မသေချာမရေရမှုများ တိုးလာနေပြီးနောက် အစိုးရ၏ ယခုကြေညာချက် ထွက်ပေါ်လာခဲ့သော်လည်း အကြီးအကျယ် အံ့အားသင့်စရာတစ်ခု ဖြစ်နေဆဲဟု ဆိုသည်။ 

လက်ရှိ အစ္စရေးနိုင်ငံရေး အပြောင်းအလဲအရ ယခုနှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲ ပြုလုပ်သွားဖွယ်ရှိပြီး ထိုအချိန်အထိ Lapid က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူသွားမည် ဖြစ်သည်။

ဂျာနယ်လစ်ဟောင်းတစ်ဦးဖြစ်သည့် Lapid က ညွှန့်ပေါင်းအစိုးရတွင် အကြီးဆုံးပါတီကို ဦးဆောင်နေသူလည်း ဖြစ်သည်။ 

"မလွယ်ကူတဲ့ အခိုက်အတန့်မှာ ဒီနေ့ ခင်ဗျားတို့ရှေ့မှာ ကျွန်တော်တို့ ရပ်နေတာပါ။ ဒါပေမဲ့ အစ္စရေးအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချခဲ့တယ်ဆိုတဲ့ နားလည်မှုနဲ့ပါ" ဟု Bennett က Lapid နှင့်အတူရပ်လျက် ဇွန်လ (၂၀) ရက် ညပိုင်း ရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်ပြန်ချက်တွင် ပြောခဲ့သည်။

 ၂၀၂၁ ခုနှစ် ဇွန်လအတွင်း အစ္စရေးဝန်ကြီးချုပ်ဖြစ်လာခဲ့သည့် Bennett မှာ ကွန်မန်ဒိုဟောင်းတစ်ဦးနှင့် နည်းပညာလုပ်ငန်းရှင် မီလျံနာဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်ခဲ့သူ ဖြစ်သည်။

အစ္စရေးလွှတ်တော်တွင် လာမည့် သီတင်းပတ်အတွင်း မဲခွဲဆုံးဖြတ်မည်ဖြစ်ပြီး ထိုနောက်ပိုင်းတွင် Lapid က ဝန်ကြီးချုပ်ရာထူးကို လွှဲပြောင်းရယူမည်ဟု Bennett ၏ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ 

သဘောထားတင်းမာသည့် လက်ယာဝါဒီ၊ လစ်ဘရယ်နှင့် အာရပ် ပါတီများအပါအဝင် ပါတီ (၈) ခုပါဝင်သည့် အစ္စရေးညွှန့်ပေါင်းအစိုးရအဖွဲ့ကြား ဘာသာရေးကိစ္စမှ ပါလက်စတိုင်းအရေးအထိ နက်နက်ရှိုင်းရှိုင်း သဘောထားကွဲလွဲမှုများ ရှိနေခဲ့ကြောင်း သိရသည်။

ထိုအတောအတွင်း အစ္စရေးနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် (၁၂) နှစ်ကြာ အာဏာရခဲ့ပြီး လွန်ခဲ့သည့် (၁၂) လတွင် ရာထူးမှ စွန့်ခွာခဲ့ရသူ ဝန်ကြီးချုပ်ဟောင်း ဘင်ဂျမင်နက်တန်ယာဟူက နိုင်ငံ့ခေါင်းဆောင်အဖြစ် ပြန်လာမည်ဟု ကြုံးဝါးမှုလည်းရှိခဲ့သည်။

 အဂတိလိုက်စားမှုဖြင့် တရားရင်ဆိုင်နေရသူ နက်တန်ယာဟူက ၎င်း၏ Likud ပါတီက နောက်အစိုးရအဖွဲ့ကို ဦးဆောင်သွားမည်ဟု ပြောခဲ့ပြီး Bennett ကို ကဲ့ရဲ့ရှုတ်ချခဲ့သည်။ လက်ယာဝါဒီ နိုင်ငံရေးသမားဖြစ်သူ Bennett မှာ တစ်ချိန်က နက်တန်ယာဟူ၏ အနီးကပ်ဆုံး လက်ထောက်များအနက်မှ တစ်ဦးဖြစ်ခဲ့သည်။

Source: CNN, Reuters