ဆံပင်အရှည်ဆုံး ဆယ်ကျော်သက် အမျိုးသားအဖြစ် အိန္ဒိယနိုင်ငံမှ ဆယ်ကျော်သက်က ကမ္ဘာ့စံချိန်သစ်တင်

ဆံပင်အရှည်ဆုံး ဆယ်ကျော်သက် အမျိုးသားအဖြစ် အိန္ဒိယနိုင်ငံမှ ဆယ်ကျော်သက်က ကမ္ဘာ့စံချိန်သစ်တင်
အောက်တိုဘာ 15, 2023 | နိုင်ငံတကာသတင်း
By Mr John

 

အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ်မှ အသက် (၁၅) နှစ်အရွယ် ဆယ်ကျော်သက်က ဆံပင်အရှည်ဆုံး ဆယ်ကျော်သက် အမျိုးသားအဖြစ် ကမ္ဘာ့စံချိန်သစ်တင်ခဲ့သည်။ 

ဆစ်ဒက် ဒိပ်ဆင်းဂ် ချာဟဲလ် (Sidakdeep Singh) က ၎င်း၏ ဘဝတစ်လျှောက်လုံး ဆံပင်မညှပ်ခဲ့ဖူးကြောင်း ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း အဖွဲ့အစည်း (Guinness World Records) က ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၁၄) ရက်နေ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆစ်ဒက်က တစ်ပတ်လျှင် (၂) ကြိမ် ခေါင်းလျှော်လေ့ရှိပြီး ဆံပင်ကို အခြောက်ခံခြင်းနှင့် ဆံပင်ဖြီးခြင်း အပါအဝင် တစ်ကြိမ်လျှင် အနည်းဆုံး တစ်နာရီကြာသည်။ 

"အမေ့ အကူအညီသာ မပါရင် တစ်နေကုန်မှာပဲဗျ" ဟု ဆစ်ဒက်က ပြောသည်။ 

ဆစ်ဒက်က ဆစ်ခ် (Sikh) လူမျိုးတစ်ဦးဖြစ်သောကြောင့် ဆံပင် မညှပ်ဘဲ အရှည်ထားလာခဲ့ခြင်း ဖြစ်ပြီး ဆစ်ခ်ဘာသာရေးအရ ဆံပင်မှာ ဘုရားသခင်ထံမှ လက်ဆောင်တစ်ခုဖြစ်ပြီး မည်သည်အခါမှ ညှပ်မပစ်ရန် ဆိုထားသည်။

ဆစ်ဒက်က ဆစ်ခ်တို့၏ ထုံးစံအတိုင်း ဆံထုံးလုပ်၍ ခေါင်းပေါင်း ပေါင်းထားလေ့ရှိသည်။ 

ဆစ်ဒက်၏ မိသားစုနှင့် ၎င်း၏ သူငယ်ချင်း အများအပြားမှာလည်း ဆစ်ခ်လူမျိုးများ ဖြစ်ကြသော်လည်း ၎င်းကဲ့သို့ ရှည်သော ဆံပင်မရှိကြဟု ဆိုသည်။ 

"ကျွန်တော့် ဆံပင်အရှည်ကို ကြည့်ပြီး ကျွန်တော့် ဆွေမျိုးတွေ အတော်များများက အံ့ဩကြတယ်" ဟု ဆစ်ဒက်က ပြောသည်။ 

 

ဆစ်ဒက်က ဆံပင်အရှည် (၄) ပေ (၉.၅) လက်မဖြင့် ကမ္ဘာ့ဆံပင်အရှည်ဆုံး ဆယ်ကျော်သက် အမျိုးသားအဖြစ် ဂင်းနစ်စံချိန်သစ်တင်ခဲ့ပြီး ရောင်းချနေပြီဖြစ်သည့် ၂၀၂၄ ခုနှစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်တွင် ဖော်ပြထားရှိကြောင်း သိရသည်။ 

ဆယ်ကျော်သက်တစ်ဦးတွင် ဆံပင်အရှည်ဆုံးသူမှာ အိန္ဒိယနိုင်ငံမှ Nilanshi Patel ဖြစ်ပြီး သူမ၏ ဆံပင်အရှည်မှာ (၆) ပေ (၆) လက်မ ဖြစ်သည်။ 

Nilanshi Patel က ၂၀၂၁ ခုနှစ်တွင် သူမ၏ ဆံပင်ကို ညှပ်ပစ်လိုက်ပြီး ပြတိုက်တစ်ခုသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

ဂင်းနစ်မှတ်တမ်းတွင် ကမ္ဘာ့ဆံပင်အရှည်ဆုံး သက်ရှိထင်ရှား အမျိုးသားတစ်ဦးအဖြစ် အသိအမှတ်ပြုထားသူ မရှိသေးဘဲ တစ်စုံတစ်ဦးက ကမ္ဘာ့စံချိန်တင်ရန်အတွက် အဆိုပြုလာခြင်း မရှိပါက ဆစ်ဒက်၏ အသက် (၁၈) နှစ်ပြည့်ချိန်တွင် ၎င်းကပင် နောက်တစ်ကြိမ် ကမ္ဘာ့စံချိန်တင်လိမ့်မည်ဟု ဆိုသည်။

 

Source: Guinness World Records