ဂမ်ဘီယာကလေးများ သေဆုံးမှုနှင့် ဆက်နွယ်သည့် အိန္ဒိယချောင်းဆိုးပျောက်ဆေးရည်များတွင် ဓာတုဗေဒပစ္စည်းများ ခွင့်ပြုပမာဏထက် ပိုမိုပါဝင်နေ

ဂမ်ဘီယာကလေးများ သေဆုံးမှုနှင့် ဆက်နွယ်သည့် အိန္ဒိယချောင်းဆိုးပျောက်ဆေးရည်များတွင် ဓာတုဗေဒပစ္စည်းများ ခွင့်ပြုပမာဏထက် ပိုမိုပါဝင်နေ
By Tachileik News Agency

ဂမ်ဘီယာနိုင်ငံတွင် အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးရည်ကြောင့် ကလေးအများအပြား သေဆုံးမှုဖြစ်ပွားပြီးနောက် အဆိုပါဆေးများထုတ်လုပ်နေသည့်  Maiden Pharmaceuticals ၏ ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ကြောင်း အိန္ဒိယအာဏာပိုင်များက ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၁၂) ရက်တွင် ထုတ်ပြန်သည်။

 ဂမ်ဘီယာကလေးငယ်များ သေဆုံးမှုမှာ အိန္ဒိယကုမ္ပဏီထုတ် ချောင်းဆိုးပျောက်ဆေးများနှင့် ဆက်နွယ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် အိန္ဒိယအာဏာပိုင်များက အဆိုပါကုမ္ပဏီ၏ စက်ရုံတစ်ရုံကို ဝင်ရောက်စစ်ဆေးပြီး ဆေးဝါးထုတ်လုပ်မှု ရပ်ဆိုင်းစေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးဝါးထုတ်လုပ်ရေးစက်ရုံကို စစ်ဆေးခဲ့ရာတွင် ဆေးဝါးထုတ်လုပ်မှုအတွက် လိုက်နာရမည့် အချက် (၁၂) ချက်ကို ချိုးဖောက်ထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါစက်ရုံ၏ ဆေးဝါးထုတ်လုပ်မှုကို ရပ်ဆိုင်းရန် အမိန့်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု စက်ရုံတည်ရှိရာ Haryana ပြည်နယ်၏ ကျန်းမာရေးဝန်ကြီး Anil VIj က သတင်းဌာနတစ်ခုကိုပြောကြားထားသည်။

 Maiden Pharmaceuticals က ထုတ်လုပ်သည့် Promethazine Oral Solution၊ Kofexmalin Baby Cough Syrup၊ Makoff Baby Cough Syrup နှင့် Magrip N Cold Syrup တို့မှာ ဂမ်ဘီယာကလေးငယ်များ သေဆုံးမှုနှင့် ဆက်နွယ်နေကြောင်း WHO က ထုတ်ပြန်ထားခြင်းဖြစ်သည်။ 

အဆိုပါ ချောင်းဆိုးပျောက်ဆေးများတွင် diethylene glycol နှင့် ethylene glycol ဓာတုဗေဒပစ္စည်းများ ခွင့်ပြုပမာဏထက် ပိုမိုပါဝင်နေသဖြင့် အဆိုပါဓါတုပစ္စည်းများကြောင့် အဆိပ်သင့်စေနိုင်ပြီး ပြင်းထန်သည့် ကျောက်ကပ်ထိခိုက်မှု ဖြစ်စေနိုင်ကြောင်း သိရသည်။

ဂမ်ဘီယာနိုင်ငံ ရဲတပ်ဖွဲ့က အောက်တိုဘာလ (၁၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကနဦး စုံစမ်းစစ်ဆေးမှု အစီရင်ခံစာတွင် ကျောက်ကပ်ထိခိုက်မှုကြောင့် ကလေးငယ် (၆၉) ဦး သေဆုံးမှုမှာ အိန္ဒိယတွင်ထုတ်လုပ်ပြီး အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုမှတစ်ဆင့် တင်သွင်းခဲ့သည့် ချောင်းဆိုးပျောက်ဆေးများနှင့် ဆက်နွယ်ကြောင်း ပြောထားသည်။

Maiden Pharmaceuticals ဝက်ဘ်ဆိုက်တွင် ဖော်ပြထားမှုအရ ၎င်း၏ စက်ရုံ (၃) ရုံတွင် နှစ်စဥ် ချောင်းဆိုးပျောက်ဆေးရည်ပုလင်း (၂.၂) သန်း၊ ဆေးတောင့် သန်း (၆၀၀)၊ ထိုးဆေး (၁၈) သန်း၊ လိမ်းဆေးဘူး (၃၀၀,၀၀၀) နှင့် ဆေးပြား (၁.၂) ဘီလီယံကို ထုတ်လုပ်နေပြီး ၎င်း၏ ဆေးဝါးထုတ်ကုန်များကို ပြည်တွင်း၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကရှိ နိုင်ငံများသို့လည်း တင်ပို့ရောင်းချနေကြောင်း သိရသည်။

အဆိုပါ ချောင်းဆိုးပျောက်ဆေးရည်များကို ဂမ်ဘီယာနိုင်ငံသို့သာ တင်ပို့ရန် ခွင့်ပြုချက်ပေးထားသည်ဟု အိန္ဒိယအစိုးရက ပြောကြားသော်လည်း WHO ၏ အဆိုအရ အဆိုပါဆေးများမှာ တရားဝင်မဟုတ်သည့် ဈေးကွက်များမှ အခြား နေရာများသို့ ရောက်ရှိနေနိုင်သည်ဟု သတိပေးထားသည်။



Source: Reuters