ပူတင်၏ စစ်မှုထမ်း အမိန့်ဒီကရီထုတ်အပြီး ရုရှားနိုင်ငံသား (၇)သိန်းကျော် နိုင်ငံမှ ထွက်ပြေသွားခဲ့ဟုဆို

ပူတင်၏ စစ်မှုထမ်း အမိန့်ဒီကရီထုတ်အပြီး ရုရှားနိုင်ငံသား (၇)သိန်းကျော် နိုင်ငံမှ ထွက်ပြေသွားခဲ့ဟုဆို
အောက်တိုဘာ 7, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ရုရှားနိုင်ငံတွင် သမ္မတဗလာဒီမာပူတင်က စစ်စည်းရုံးခြင်း အမိန့်ဒီကရီထုတ်ပြီး အရန်တပ်ဖွဲ့ဝင်များကို စစ်တပ်သို့ ဆင့်ခေါ်ကာ ယူကရိန်းစစ်ပွဲသို့ စေလွှတ်ရန် စီစဥ်လာပြီးနောက် နိုင်ငံမှ ထွက်ပြေးသွားသူ (၇)သိန်းကျော် ရှိကြောင်း သတင်းများကို အစိုးရပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာလ (၆) ရက်နေ့တွင် ငြင်းဆိုခဲ့သည်။ 

သတင်းထောက်များနှင့် တွေ့ဆုံမှုအတွင်း ရုရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ၎င်းအနေဖြင့် စက်တင်ဘာလ (၂၁) ရက်တွင် တစ်စိတ်တစ်ပိုင်း စစ်စည်းရုံးခြင်း အမိန့်ဒီကရီထုတ်ပြီးနောက် နိုင်ငံမှ လူဦးရေမည်မျှ ထွက်ပြေးသွားကြောင်း ကိန်းဂဏန်း အတိအကျကို မသိထားကြောင်း ပြောသည်။

"ဒီအရေအတွက်တွေကို အမှန်တစ်ကယ်အဖြစ် ယူဆသင့်တယ်လို့ ကျွန်တော် မထင်ပါဘူး။ ကိန်းဂဏန်း အတိအကျကို ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ သတင်းတွေမှာ ပြောနေတာထက် အများကြီး ကွာဟပါတယ်" ဟု ၎င်းကဆိုသည်။ 

ရုရှားမီဒီယာတွင် ဖော်ပြထားသည့် သတင်းအချို့အရ ရုရှား  (၇)သိန်းကျော်အထိ နိုင်ငံမှ ထွက်ပြေးသွားနိုင်ခဲ့သည်ဆိုမှုအပေါ် မေးမြန်းခဲ့ရာတွင် Dmitry Peskov က ပြန်ဖြေကြားခဲ့ခြင်းလည်း ဖြစ်သည်။

စစ်တပ်သို့ ဆင့်ခေါ်ခံရပြီး ယူကရိန်းစစ်ပွဲတွင် ပါဝင်ရမည်ကို ရှောင်ရှားရန် စစ်မှုထမ်းရမည့် အသက်အရွယ် အများစုဖြစ်သော ရုရှားနိုင်ငံသား ထောင်ပေါင်းများစွာ နိုင်ငံမှ ထွက်ပြေးသွားခဲ့ကြသည်။ 

ရုရှားနှင့် နယ်စပ်ချင်း ထိစပ်နေကြသည့် ကာဇက်စတန်၊ ဂျော်ဂျီယာနှင့် မွန်ဂိုလီးယား နိုင်ငံတို့၏ ပြောကြားမှုအရ ပူတင်က စစ်စည်းရုံးခြင်း အမိန့်ဒီကရီထုတ်ပြီးနောက် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူဦးရေ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ကြောင်း သိရသည်။

Source: Reuters