အမေရိကန်နိုင်ငံ နယူးယော့ခ်ပြည်နယ်အတွင်း ဆောင်းတွန်းမုန်တိုင်းကြောင့် အနည်းဆုံး လူ (၃၀)ဝန်းကျင် သေဆုံး

အမေရိကန်နိုင်ငံ နယူးယော့ခ်ပြည်နယ်အတွင်း ဆောင်းတွန်းမုန်တိုင်းကြောင့် အနည်းဆုံး လူ (၃၀)ဝန်းကျင် သေဆုံး
ဒီဇင်ဘာ 28, 2022 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်နိုင်ငံတဝန်း နေရာအတော်များများတွင် ဆောင်းတွင်းမုန်တိုင်းကြောင့် နှင်းများထူထပ်စွာကျပြီး လေအေးများတိုက်ခတ် အေးခဲနေခဲ့ကာ ရာသီဥတု ပြင်းထန်မှုကြောင့် နယူးယော့ခ်ပြည်နယ်၏ အနောက်ပိုင်း၌ ခရစ်စမတ်ပိတ်ရက်များအတွင်း အနည်းဆုံး လူ (၃၀)ဝန်းကျင် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရအရာရှိများက ပြောသည်။ 

 ဒီဇင်ဘာလ (၂၇) ရက်နေ့အထိ အာဏာပိုင်များ၏ အတည်ပြုထားမှုအရ Buffalo မြို့တွင် ဆောင်းတွင်းမုန်တိုင်းကြောင့် သေဆုံး လူ(၃၀)ဝန်းကျင် ရှိကြောင်း အချို့မှာ နှင်းများထူထပ်စွာကျရောက်နေစဥ် ကားများအတွင်း ပိတ်မိသေဆုံးသူများလည်းရှိကြောင်း သိရသည်။

နယူးယော့ခ်ပြည်နယ် Erie ကောင်တီ Buffalo မြို့တွင် ဆယ်စုနှစ်များအတွင်း အပြင်းထန်ဆုံး ဆောင်းတွင်းမုန်တိုင်း ကြုံခဲ့ရပြီး အလွန်ထူထပ်စွာ ကျရောက်ထားသည့် နှင်းထုကို ဖြိုခွဲရန် သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့များ ရုန်းကန်နေခဲ့ရသည်။ 

Buffalo မြို့တဝိုက်တွင် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့ကစပြီး နှင်းမုန်တိုင်းတိုက်ခတ်မှု အခြေအနေဖြစ်ပေါ်နေခဲ့ကြောင်းနှင့် (၄) ပေကျော်ရှိသည့် နှင်းထုပေါ်သို့ နှင်များဆက်လက်ကျရောက်နေဆဲ ဖြစ်သည်။

နယူးယော့ခ်ပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် Buffalo မြို့မှာ ဆောင်းတွင်းမုန်တိုင်း လမ်းကြောင်းတည့်တည့်တွင်ရှိနေပြီး တစ်သက်တွင် တစ်ကြိမ်ကြုံရသည့် မိုးလေဝသဘေးအန္တရာယ်ကြီးဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။



Buffalo မြို့တွင် ၁၉၇၇ ခုနှစ်က ပြင်းထန်သည့် ဆောင်းတွင်းမုန်တိုင်းကြောင့် လူ (၃၀) နီးပါး သေဆုံးခဲ့ဖူးကြောင်းလည်း သိရသည်။

အမေရိကန်နိုင်ငံတဝန်း လက်ရှိ ဆောင်းတွင်းမုန်တိုင်းကြောင့် အနည်းဆုံး လူ (၆၀) ဦး သေဆုံးခဲ့ကြောင်း NBC News သတင်းဌာန၏ စာရင်းများက ဖော်ပြသည်။ 

ဆောင်းတွင်းမုန်တိုင်းကြောင့် အမေရိကန်တဝန်း အားလပ်ရက်များအတွင်း လေကြောင်းခရီးစဥ် ထောင်နှင့်ချီ ဖျက်သိမ်းခဲ့ရသည်။ 

ဒီဇင်ဘာလ (၂၆) ရက် နံနက်ပိုင်းအထိ Buffalo လေဆိပ်တွင် တိုင်းထွာမှုအရ နှင်းထုမှာ လက်မ (၅၀) အထိရှိခဲ့ပြီး  ဒီဇင်ဘာလ (၂၇) ရက်နေ့တွင်လည်း နှင်းများဆက်လက်ကျရောက်နေဆဲ ဖြစ်သည်။

Source: Reuters, CNN, RCG

Photo: Mostofa Ahsan/via REUTERS, REUTERS/Brendan McDermid,