အီကွေဒေါတွင် ဆေးရုံက သေဆုံးပြီဟု သတ်မှတ်ခဲ့သည့် အမျိုးသမီးကြီး နာရေးခန်းမ အရောက် သတိပြန်လည်လာပြီး အခေါင်းကို ထုရိုက်

အီကွေဒေါတွင် ဆေးရုံက သေဆုံးပြီဟု သတ်မှတ်ခဲ့သည့် အမျိုးသမီးကြီး နာရေးခန်းမ အရောက် သတိပြန်လည်လာပြီး အခေါင်းကို ထုရိုက်
By Mr John

အီကွေဒေါနိုင်ငံတွင် ဆေးရုံက သေဆုံးပြီဟု သတ်မှတ်ခဲ့သည့် အသက် (၇၆) နှစ်အရွယ် အမျိုးသမီးကြီးမှာ အခေါင်းထဲရောက်ရှိနေစဥ် သတိပြန်လည်လာပြီးနောက် အခေါင်းကို လက်ဖြင့်ထုရိုက်ခဲ့ရာ သူမ၏ ဆွေမျိုးများ အံ့အားသင့်ကြရပြီး အစိုးရက သက်ဆိုင်ရာ ဆေးရုံကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ 

"အကုန်လုံး လန့်ဖျပ်ကုန်တာပေါ့ဗျာ" ဟု ထိုအမျိုးသမီးကြီး၏ သားဖြစ်သူ ဂီလ်ဘာတို ဘာဘာရာက AP သတင်းဌာနကို ပြောသည်။

မိခင်၏ အခြေအနေမှာ သေရေးရှင်ရေးဖြစ်နေဆဲဟု ဆရာဝန်များက ပြောကြောင်းလည်း ၎င်းကဆိုသည်။ 

အငြိမ်းစား သူနာပြုဖြစ်သူ ဘယ်လာမွန်တိုယာကို ဇွန်လ (၉) ရက်နေ့တွင် လေဖြတ်ပြီး နှလုံးရပ်သွားမှုကြောင့် ဆေးရုံတင်ခဲ့ရသည်။ 

တာဝန်ကျ ဆရာဝန်က သူမကို သတိပြန်လည်လာစေရန် လုပ်ဆောင်ခဲ့သော်လည်း တုံ့ပြန်ခြင်းမရှိရာ ထိုဆရာဝန်က သေဆုံးသွားပြီဟု သတ်မှတ်ခဲ့ကြောင်း အီကွေဒေါ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

၎င်း၏မိခင်ကို အရေးပေါ်ခန်းသို့ ခေါ်ဆောင်လာစဥ် သတိလစ်နေခဲ့ကြောင်းနှင့် နာရီအနည်းငယ်မျှအကြာတွင် ဆရာဝန်က သူမ သေဆုံးသွားပြီဟု ပြောခဲ့ပြီး သက်ဆိုင်ရာ စာရွက်စာတမ်းများနှင့် သေစာရင်းလက်မှတ် ထုတ်ပေးခဲ့ကြောင်း သားဖြစ်သူ ဘာဘာရာကက ပြောသည်။ 

ထို့နောက် မိသားစုက ဘယ်လာကို နာရေးခန်းမသို့ သယ်ဆောင်လာပြီး နာရေးလုပ်ရန် ပြင်ဆင်ခဲ့ကြကြောင်း သိရသည်။

နာရေးခန်းမတွင် ဘယ်လာကို အခေါင်းထဲသို့ ထည့်ထားခဲ့ပြီးနောက် ဇွန်လ (၉) ရက်နေ့ နှောင်းပိုင်း၌ ထိုအခေါင်းမှ ထူးဆန်းသည့် အသံများကို စတင်ကြားလာခဲ့ရသည်ဟု ဆိုသည်။ 

"အဲဒီမှာ ကျနော်တို့ အယောက် (၂၀) လောက်ရှိတယ်။ ငါးနာရီလောက်ကြာပြီးတော့ အခေါင်းကနေ အသံတွေ စကြားလာရတယ်။ အခေါင်းထဲမှာ ပိတ်စနဲ့ပတ်ထားတဲ့ ကျနော့်အမေက အခေါင်းကို လက်နဲ့ထုရိုက်နေတာ။ ကျနော်တို့ အခေါင်းကို သွားဖွင့်ကြည့်တဲ့အချိန်မှာ အမေက အသက်ပြင်းပြင်းရှူနေခဲ့တယ်" ဟု ဘာဘာရာက ပြောသည်။ 

ထို့နောက် မိသားစုက ဘယ်လာကို ဆေးရုံသို့ အလျင်အမြန် ပြန်ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ဆေးရုံတွင် သူမကို အထူးကြပ်မတ်ကုသဆောင်၌ ကုသပေးနေကြောင်း အီကွေဒေါကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ 

သူမ၏ အခြေအနေနှင့် ပတ်သက်၍ ဆရာဝန်များက များစွာမျှော်လင့်ချက်မပေးခဲ့ဟု ဘာဘာရာက ဆိုသည်။ 

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ အမည်မဖော်ပြထားသော တာဝန်ကျ ဆရာဝန်များကို ကျန်းမာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေကြောင်းနှင့် ဆေးရုံအနေဖြင့် သေစာရင်းလက်မှတ်များကို မည်သို့ထုတ်ပေးနေကြောင်း လုပ်ငန်းစဥ်ကို သက်ဆိုင်ရာကော်မတီက ပြန်လည်သုံးသပ်နေကြောင်း သိရသည်။

Source: Associated Press