မြန်မာ့အရေးချဥ်းကပ်ပုံ အာဆီယံအနေဖြင့်ပြန်စဥ်းစားသင့်ကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူပြော

Photo: rappler
Photo: rappler
မြန်မာ့အရေးချဥ်းကပ်ပုံ အာဆီယံအနေဖြင့်ပြန်စဥ်းစားသင့်ကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူပြော
By Mr John

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ (ASEAN) အနေဖြင့် မြန်မာ့အရေး ၎င်း၏ချဥ်းကပ်ပုံကို ပြန်လည်စဥ်းစားသင့်ကြောင်းနှင့် စစ်တပ်ကအာဏာသိမ်းထားသည့် မြန်မာနိုင်ငံအတွင်း ရန်လိုမှုများ အဆုံးသတ်ရန် တိကျသော အရေးယူဆောင်ရွက်မှုများနှင့် အချိန်ကာလသတ်မှတ်ချက်များကို တောင်းဆိုသင့်ကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ဦးက ဇွန်လ (၂၃) ရက်နေ့တွင် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်စ်အင်ဒရူးက ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အခြေအနေကို ကူညီရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် တရားဝင် သို့မဟုတ် အလွတ်သဘော ဆက်ဆံရေး ဆောင်ရွက်သင့်ကြောင်းလည်း တိုက်တွန်းခဲ့သည်။

အဖွဲ့ဝင် (၁၀) နိုင်ငံပါဝင်သည့် အာဆီယံ ASEAN (Association of Southeast Asian Nations) အဖွဲ့အတွင်း မြန်မာနှင့် မည်သို့ ဆက်ဆံဆောင်ရွက်မည့်အပေါ် သဘောထားကွဲလွဲမှုများ ရှိနေသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့၌ စစ်တပ်က အာဏာသိမ်းပြီး ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချခဲ့သည်။ 

ထိုအချိန်မှစပြီး အာဏာသိမ်း စစ်အုပ်စုက ၎င်းတို့ကို ဆန့်ကျင်သူများအား ရက်ရက်စက်စက် ဖြိုခွင်းနေခဲ့ခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းပြီး မကြာမီ မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးပြန်လည်ထိန်းသိမ်းရန် အပါအဝင် ဘုံသဘောတူညီချက် (၅) ချက်ကို သဘောတူညီခဲ့ကြသည်။ 

သို့သော် ထိုသဘောတူညီချက်များကို လက်တွေ့အကောင်အထည်ဖော်ရာတွင် စောင့်ကြည့်အရေးယူဆောင်ရွက်မှု အားနည်းခဲ့ပြီး တိုးတက်မှုမရှိဖြစ်နေခဲ့သည်။

"သဘောတူညီချက်က စာရွက်ပေါ်မှာပဲရှိနေရင် အဓိပ္ပါယ် မရှိဘူး။ တစ်နှစ်ကြာပြီးတဲ့အထိ တိုးတက်မှု မရှိခဲ့ဘူး။ အဲဒီချဥ်းကပ်မှုကို အကောင်အထည်ဖော်ဖို့ မဟာဗျူဟာတစ်ခု သတ်မှတ်ပြီး အခုလက်ရှိ ချဥ်းကပ်မှုကို ပြန်စဥ်းစားကြရအောင်" ဟု သောမတ်စ်အင်ဒရူးက ပြောသည်။ 

မြန်မာ့အရေး မလေးရှားနိုင်ငံ၏ အရေးယူဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် တောင်းဆိုမှုကိုလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ အလေးထားသင့်ကြောင်း ၎င်းကဆိုသည်။

လက်ရှိ အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားက မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများကို ဝေဖန်ကန့်ကွက်မှုများရှိခဲ့ပြီး ဇွန်လ (၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ အာဏာသိမ်းစစ်အုပ်စု၏ ကာကွယ်ရေးဝန်ကြီးကို ဖိတ်ကြားခဲ့ခြင်း အပါအဝင် မြန်မာစစ်အုပ်စုကို လိုက်လျောဆက်ဆံပြီး ချဥ်းကပ်ခဲ့သည်။

အာဆီယံနိုင်ငံများမှာ NUG အစိုးရနှင့် ထိတွေ့ဆက်ဆံရေးအပေါ်တွင်လည်း သဘောထားကွဲလွဲပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်စ်အင်ဒရူးက NUG မှာ တရားဝင်အဖွဲ့အစည်းအဖြစ် ပြောခဲ့သည်။ 

"လက်တွေ့ကျကျ ရှုထောင့်ကနေဆိုရင် NUG က သတင်းအချက်အလက် အများကြီးရှိတယ်။ ဒါက လူသားချင်းစာနာထောက်ထားမှု အကူအညီပေးဖို့ ကြိုးပမ်းနေတဲ့နိုင်ငံတွေအတွက် အလွန်တန်ဖိုးရှိတဲ့ အသုံးပြုစရာ ဖြစ်နိုင်ပါတယ်" သောမတ်စ်အင်ဒရူးက ထောက်ပြသည်။

Source: Reuters