မကွေးတွင် ပုဂ္ဂလိက ရေကစားကွင်း၌ (၁၀)နှစ်အရွယ် ကျောင်းသူတစ်ဦး ရေနစ်သေဆုံး

မကွေးတွင် ပုဂ္ဂလိက ရေကစားကွင်း၌ (၁၀)နှစ်အရွယ် ကျောင်းသူတစ်ဦး ရေနစ်သေဆုံး
ဖေဖော်ဝါရီ 29, 2020
By Tachileik News Agency
မကွေးတွင် ပုဂ္ဂလိက ရေကစားကွင်း၌ (၁၀)နှစ်အရွယ် ကျောင်းသူတစ်ဦး ရေနစ်သေဆုံး

မကွေးမြို့ရှိ ပုဂ္ဂလိကကစားကွင်းတစ်ခုဖြစ်သည့် Heart To Heart ရေကစားကွင်း၌ လာရောက် ရေကစားသည့် စတုတ္ထတန်း  ကျောင်းသူတစ်ဦး ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက်နေ့က ရေနစ်သေဆုံးသွားကြောင်း သိရသည်။

 ကျွန်တော် ဒီကိုမရောက်ခင်က ဒီရေကစားကွင်းမှာ ရေနစ်သေဆုံးမှုရှိခဲ့တယ်ဆိုတာ ကြားတယ်။ ဒါပေမယ့် သေချာ ဂဃနဏတော့ မသိရသေးဘူး။ ဒီရေကစားကွင်းက စည်ပင်သာယာရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်လား၊ မဖွင့်လားဆိုတာတော့ ကျွန်တော်လည်း သေချာ မစစ်ရသေးဘူး။ ခုလည်းပဲ ဘယ်လိုကြောင့် ရေနစ်ရတယ်ဆိုတာ သက်သေတွေစစ်ပြီးမှ သိရမှာ။ စစ်ဆေးကြပ်မတ်မှုဆိုတာကတော့ ကစားကွင်းပိုင်ရှင်နဲ့ စည်ပင်သာယာ ဘယ်လိုသဘောတူညီချက်လုပ်ထားတယ်ဆိုတာ သေချာစစ်ရဦးမှာပါ

ဟု မကွေးမြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စတုတ္ထတန်းစာမေးပွဲပြီးဆုံး၍ မကွေးမြို့နယ် ကန်သာကြီးကျေးရွာမှ ဆရာ၊ မိဘများနှင့် ကျောင်းသား ကျောင်းသူများ အဆိုပါရေကစားကွင်းသို့ လာရောက်ကြပြီး ရေလွှာလျှောစီးကွင်း၌ ရေဆော့နေစဉ် စတုတ္ထတန်းကျောင်းသူတစ်ဦးမှာ ရေအနက်(၆)ပေ ခန့်ရှိ ရေကန်၌ ည(၆) နာရီဝန်းကျင်တွင် ရေနစ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိခင်ဖြစ်သူက အော်ဟစ်အကူအညီတောင်းခံ၍ ဝိုင်းဝန်းဆယ်ယူကြရာ ညနေ (၆) နာရီခွဲအချိန်တွင် မကွေးတိုင်းဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြသော်လည်း သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုကို မကွေးမြို့မရဲစခန်းတွင် သေမှု သေခင်းအမှတ်စဉ် ၂/၂၀၂၀ ဖြင့် အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

အဆိုပါ ရေကစားကွင်း၌ လွန်ခဲ့သည့်နှစ်ကလည်း လူတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - အောင်ကျော်ဦး

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~