တာချီလိတ်မြို့တွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ဝင် ဇွဲသာယာကမ်းခြေ ပိုင်ရှင် ဦးဇွဲအား လူသတ်မှုဖြင့် ဖမ်းဆီး အမှုဖွင့်

တာချီလိတ်မြို့တွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ဝင် ဇွဲသာယာကမ်းခြေ ပိုင်ရှင် ဦးဇွဲအား လူသတ်မှုဖြင့် ဖမ်းဆီး အမှုဖွင့်
အောက်တိုဘာ 26, 2022 | မှုခင်းသတင်း| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်း မြန်မာ - ထိုင်း - လာအိုနယ်စပ် မဲခေါင်မြစ်ဘေးရှိ ဇွဲသာယာကမ်းခြေတွင် စစ်မှုထမ်းဟောင်းတစ်ဦးလည်းဖြစ်သူ လက်ရှိ စစ်တပ်၏ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သည့် ဇွဲသာယာဆိပ်ကမ်းပိုင်ရှင် ဦးဇွဲက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး သေဆုံးသွားသည့်အတွက် ၎င်းအား လူသတ်မှုဖြင့် ဖမ်းဆီး အမှု ဖွင့်လိုက်ကြောင်း သိရသည်။ 



၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၅)ရက်နေ့ ည(၇)နာရီ မထိုးမီအချိန်က ဖြစ်ပွားသည့် လူသတ်မှုနှင့် ပတ်သက်၍  ဇွဲသာယာဆိပ်ကမ်းတွင် ဆိုင်ခန်းများနှင့်အတူ ပျက်စီးသွားသည့် လူဝံရုပ်နှင့်ပတ်သက်ပြီး လျော်ကြေးတောင်း စကားများနေကြသည်ကို ဦးဇွဲက ဝင်ရောက် ဖျန်ဖြေရာမှ ၎င်း၏ စကားကို နားမထောင်၍ဟု ဆိုကာ ဒေါသထွက်ပြီး သေနတ်ဖြင့် ထုတ်ပစ်ရာမှ အမျိုးသမီးတစ်ဦးကို ထိမှန်သွားခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိထားရသော်လည်း  တာချီလိတ်ရဲတပ်ဖွဲ့က အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး  ဇွဲသာယာကမ်းခြေပိုင်ရှင်ဖြစ်သူ ဦးဇွဲ (ခ) မြင့်နိုင်ထွန်းက ရန်ဖြစ်နေသည့် ခွေးများကို ခြောက်လန့်ရင်း သေနတ်ဖြင့် မြေပြင်ကို ပစ်ခတ်ရာမှ ကျည်သည် ကျောက်ခဲကို ထိမှန်ပြီး လမ်းကြောင်းပြောင်းကာ  ကမ်းခြေတွင် ဈေးရောင်းနေသော မလှလှဝင်း(ခ) မလှရီ ၏ ရင်အုံကို ထိမှန်ကာ ဒဏ်ရာရရှိပြီး ဆေးရုံတွင် သေဆုံးသွားသည်ဟု အမှုပေါ့စေရန်အလိုငှာ အထက်ဌာန အဆင့်ဆင့်သို့ ကြေးနန်းရေးသားကာ တင်ပြပေးထားကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များထံက သိရသည်။ 

သေဆုံးသူမှာ ဈေးဆိုင်ဖွင့်လှစ်ထားသူမဟုတ်ဘဲ အခြားဈေးဆိုင်တွင် အလုပ် လုပ်နေသည့် အသက်(၄၀)ဝန်းကျင်အရွယ် မလှလှဝင်း(ခ) မလှရီ ဖြစ်ပြီး မိတ္ထီလာမြို့နယ်၊ ရှမ်းမငယ်ကျေးရွာအုပ်စုအတွင်း သစ်ဆိပ်ပင်ရွာတွင် နေထိုင်သူ ဖြစ်ကာ တာချီလိတ်သို့ လာရောက်ပြီး အလုပ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်  ဇွဲသာယာကမ်းခြေပိုင်ရှင်ဖြစ်သူ ဦးဇွဲ (ခ) မြင့်နိုင်ထွန်းအား ဖမ်းဆီးထားပြီး လူသတ်မှုဖြင့် ဝမ်ပုံနယ်မြေရဲစခန်းတွင်  ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ၊ (ပ) ၃၈/၂၀၂၂၊ အမှုကြီး အမှတ်စဥ် ( ၂/ ၂၀၂၂) ဖြင်​့ အမှုဖွင့် ထားသည်ဟု သိရသည်။

နိုင်ငံ့အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်မြို့တွင် တာချီလိတ်ခရိုင်/မြို့နယ် တရားသူကြီးများက  စစ်ကောင်စီကို ဆန့်ကျင်သူများအား အမြင့်ဆုံးထောင်ဒဏ်များအထိ ချမှတ်နေပြီး စစ်ကောင်စီကို ဆန့်ကျင်၍မဟုတ်ဘဲ လက်နက် ဖမ်းမိသည့် ဖြစ်စဉ်များနှင့် အခြားကိစ္စများကို ငွေကြေးရယူကာ ပြစ်ဒဏ်ပေါ့လျော့ပေးထားသည်များရှိသည့်အတွက် ယခု လူသတ်မှုကိုလည်း မည်သို့ကိုင်တွယ်မည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြကြောင်း ဒေသခံများက ဆိုသည်။



"အခုကိစ္စက သာမန်ဖြစ်စဉ်ထက် တော်တော်များများ ဂယက်ရိုက်သွားတယ်။ ဦးဇွဲ ဆိုတာက သေနတ်တကားကား အမြဲလုပ်နေသူလည်းဖြစ်သလို တာချီလိတ်ရဲ့ စကစ ထောက်ခံပွဲ ဗုံးကွဲဖြစ်စဉ်တုန်းကလည်း ထောက်ခံပွဲမှာ အဓိက နေရာမှာ သူလည်းပါခဲ့တာ။ အခု ဒီလိုဖြစ်တော့ စစ်တပ်နဲ့ရဲရယ်၊ တရားရေးရယ် ဘာလုပ်မလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရတော့မှာပဲ"ဟု ဒေသခံ တစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်သူမှာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သလို လက်ရှိအထိ စစ်တပ်၏ လက်အောက်ခံ မိုင်းဖုန်း ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကြောင်း နှင့် ၎င်းသည် သေနတ်ကို ယခင်ကတည်းက ထုတ်သုံးလေ့ရှိပြီး တိုင်းမှူးအဆက်ဆက်နှင့် အချိတ်အဆက်ရှိ၍ ပြည်သူ့စစ်ကို ထိန်းကွပ်သည့် တာချီလိတ်တပ်နယ်ကပင်လျှင် ထိန်းမနိုင်ဟု သိရသည်။

"ဦးဇွဲက သူနေရာမှာ ဘာလုပ်လုပ် သေနတ်ပါတယ်။ ကမ်းခြေမှာ လာလည်တဲ့ လူတွေရှေ့လည်း သေနတ်ခါးကြားထိုးပြီး သွားလာနေတာ။ သူက တပ်ကလာတဲ့လူလည်း ဖြစ်သလို သူ့ facebook ကနေလည်း  Live လွှင့်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆဲနေတာ ။ အာဏာသိမ်းကာလမှာ သူ ပိုပြီး ကြောက်နေတဲ့ သဘောလည်း ဖြစ်နိုင်တယ်။ တခါတလေ စသလို နောက်သလိုနဲ့ နင်တို့ကို သေနတ်နဲ့ပစ်သတ်လိုက်မယ်ဆိုတာမျိုးတို့လည်း ပြောတာတွေရှိဖူးတယ်။ အရင်က ကားမှောင်ခို ကူးတဲ့အချို့အဖွဲ့တွေကိုလည်း အဲ့လိုပဲ စသလို နောက်သလိုနဲ့ သေနတ်နဲ့ ချိန်တာတွေလည်းရှိဖူးတယ်။ တာချီလိတ်မှာက သေနတ်ကိုင်ချင်ရင် ပြည်သူ့စစ်လုပ်ရုံပဲ။"ဟု ဦးဇွဲ နှင့် ရင်းနှီးဆုံး မိတ်ဆွေတစ်ဦးက   Tachileik News Agency ကို ပြောသည်။

တာချီလိတ်မြို့တွင် ပြည်သူ့စစ်အဖွဲ့ကို တာချီလိတ်စစ်ဗျူဟာက ထိန်းကွပ်ပြီး ပြည်သူ့စစ်အဖွဲ့ဝင်များ၏ သေနတ်နှင့်ကျည်များကို သတ်မှတ်ရက်များတွင် စစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိရာတွင် ငွေကြေးချမ်းသာသည့် ပြည်သူ့စစ်များမှာ လူကိုယ်တိုင် ကျည်နှင့်သေနတ် အစစ်ခံစရာမလိုဘဲ ငွေကြေးပေးလိုက်ရုံဖြင့် အဆင်ပြေသည်ဟုလည်း သိရသည်။



ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အာဏာသိမ်းစစ်တပ်၏ တြိဂံဒေသတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ပြည်သူ့စစ်အင်အားမှာ တာချီလိတ်မြို့နယ်အတွင်းအနေဖြင့် (၃၅)ဖွဲ့ရှိပြီး အမာခံအင်အား နှင့် အရန်အင်အားတွင် အရန်အင်အားက ပိုများပြီး အချို့ ပြည်သူ့စစ်များသည် လက်နက်ကိုင်ပြီး စီးပွားရေးလုပ်ငန်း လုပ်ကိုင်ချင်သည့်အတွက် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အဖြစ် တပ်နယ်အား ငွေကြေးပေးကာ ပြည်သူ့စစ်အဖြစ် ဝင်ထားသူများတွင် တိုင်းမှူးအထိ ပေါက်ရောက်သည့် မြို့မျက်နှာဖုံး လုပ်ငန်းရှင်များလည်း ပါဝင်ကြသည်။