တရုတ်အစိုးရက ဆုကြေးထုတ်လိုက်သည့် ကိုးကန့် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်နှင့် မိသားစုကို စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်တရားရုံးက ဖမ်းဝရမ်းထုတ်

တရုတ်အစိုးရက ဆုကြေးထုတ်လိုက်သည့် ကိုးကန့် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်နှင့် မိသားစုကို စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်တရားရုံးက ဖမ်းဝရမ်းထုတ်

ကြံ့ဖွံ့ပါတီ၏ ကိုးကန့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းနှင့် မိသားစုကို ကျားဖျန့်လုပ်ငန်း၏ အဓိက ဦးဆောင်သူများအဖြစ် တရုတ်အစိုးရက ဆုကြေးထုတ်ပြန်ထားပြီးနောက် စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက   ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့တွင် ဖမ်းဝရမ်းထုတ်လိုက်ကြောင်း သိရသည်။

စစ်တပ်ကျောထောက်နောက်ခံ ပါတီတစ်ခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၏ ရှမ်းပြည်နယ်လွှတ် တော်ကိုယ်စားလှယ်ဟောင်း အပါအဝင် မိသားစုဝင် (၄)ဦးကို ဆက်သွယ်ရေးကွန်ယက်မှ လိမ်လည်မှုဂိုဏ်း(ကျားဖျန့်)လုပ်ငန်း၏ အဓိက ဦးဆောင်သူများအဖြစ် တရုတ်နိုင်ငံက ၂၀၂၃ခုနှစ်၏ နိုဝင်ဘာလ (၁၂)ရက်နေ့တွင် ဆုကြေးငွေနှင့်အတူ ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် ကိုးကန့်တရားရုံးက ယနေ့တွင်ထပ်မံ၍ ဖမ်းဝရမ်းထုတ်လိုက်ခြင်းဖြစ် သည်။

ဖမ်းဝရမ်းထုတ်ခံရလိုက်သူများမှာ USDPပါတီ၏ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးကော်မတီ အဖွဲ့ဝင်ဟောင်းဖြစ်သူ ဦးမြီရှောက်ချန်း၊ ၎င်း၏ သားတော်စပ်သူ မြီကော်ဖျင်း၊ သမီးဖြစ်သူ မြီကျီလန့်နှင့် မြေးဖြစ်သူ မြီကျိန်းကျိန်းတို့ကို ဖမ်းဝရမ်းထုတ်လိုက်ခြင်းဖြစ်သည်။

၎င်းတို့သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အွန်လိုင်း လိမ်လည်မှုများ၊ လူကိုသွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများကို ဂိုဏ်း ဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်း၊ အားပေးကူညီခြင်း များကို ကျူးလွန်နေခြင်းကြောင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်သည်။

၎င်းတို့ကို တရုတ်နိုင်ငံ Zhejiangပြည်နယ် Wenzhouမြို့ ပြည်သူ့လုံခြုံရေးဗျူရိုမှလည်း  ယွမ် (၁)သိန်းမှ (၅)သိန်းအထိ ပေးမည်ဟုဆိုကာ ဖမ်းဝရမ်းထုတ်ပြန်ထားသည်။ 

တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် အွန်လိုင်းမှငွေလိမ်ဂိုဏ်းများကို ဖြိုခွင်းနေသည့် တရုတ်အစိုးရက  ၂၀၂၃ ခုနှစ် အောက်တိုဘာလကလည်း စစ်အုပ်စုနှင့်ရင်းနှီးသည့် ကိုးကန့်သူဌေးကြီး ဦးမောင်မောင်အပါအဝင် (၁၁)ဦးကို တရုတ်နိုင်ငံကုန်စည်ပြပွဲလာတက်စဉ် ဖမ်းဆီးထားခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရသူများတွင် ယခုဝရမ်းထုတ်ခံရသည့် ကြံ့ဖွတ်ကိုယ်စားလှယ်ဟောင်း၏ သားမက်ဖြစ်သူလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ပြီးခဲ့သည့်လကလည်း "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့(UWSA)၏ အရာရှိနှစ်ဦးဖြစ်သည့် “ဝ” ပြည်နယ် အစိုးရဆောက်လုပ်ရေးဌာနမှူး ပေါက်အိုက်ပန်း (ခေါ်) ပေါက်ယန်ပန် (ခေါ်) ချန်ယန်ပန်နှင့် UWSA၏ မိုင်းလင်းခရိုင်မှူး ရှောက်ဟော် (ခေါ်) အိုက်ဟော့ (ခေါ်) ဟော်ချွင်ထင်တို့ကို တရုတ်နိုင်ငံက ကျားဖျန်လုပ်ငန်းနှင့်ပတ်သက်၍ ဖမ်းဝရမ်း ထုတ်ထားသည်။

အွန်လိုင်းမှငွေကြေးလိမ်လည်သည့် ကျားဖျန်လုပ်ငန်းများကို တရုတ်-မြန်မာနယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ်အပြင် ကရင်ပြည်နယ်တွင်ပါ ဂိုဏ်းများအခြေစိုက်၍ လုပ်ကိုင်နေကြပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် အဆိုပါလုပ်ငန်းများ ပိုမိုကျယ်ပြန့်လာနေခြင်းဖြစ်သည်။