ခိုး ဆိုး လုယက်မှု နေ့စဉ် နီးပါး ဖြစ်ပွားနေသည့် တာချီလိတ်မြို့တွင် ဆိုင်ကယ်လုရာမှ ပြန်ခုခံ၍ ဓါးဖြင့် ထိုးခံရ

ခိုး ဆိုး လုယက်မှု နေ့စဉ် နီးပါး ဖြစ်ပွားနေသည့် တာချီလိတ်မြို့တွင် ဆိုင်ကယ်လုရာမှ ပြန်ခုခံ၍ ဓါးဖြင့် ထိုးခံရ

 

အသက်အန္တရာယ်ခြိမ်းခြောက်ပြီး နေ့စဉ် နီးပါး ခိုးဆိုးလုယက်မှုများ ဖြစ်ပွားနေသည့် တာချီလိတ်မြို့တွင် ဆိုင်ကယ်လုယက်ရာမှ ပြန်ခုခံ၍ ဓါးဖြင့် ထိုးခံရသည့် ဖြစ်စဉ် ၂၀၂၃ခုနှစ် ဧပြီလ(၄)ရက်နေ့ ည(၉)နာရီကျော်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။



ဖြစ်ပွားသည့်နေရာမှာ မြေနီကွင်း သို့မဟုတ် ဦးအားဖာကွင်းဟု အများခေါ်သည့် တာချီလိတ်မြို့ ရန်အောင်မြေ နှင့် ဆေခမ်းရပ်ကွက်သွားရာ ကွင်းပြင်တွင် ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

"ကောင်မလေး နဲ့ ကောင်လေးက မင်္ဂလာဆောင်ကနေ ပြန်လာတာ။ ကွင်းဘက်ကနေ ဖြတ်ပြန်တော့ အဲ့ကွင်းနားရောက်တဲ့အခါ လူ(၂)ယောက်က တားပြီး ကောင်မလေးကို မအော်နိုင်အောင် ချုပ်ထားပြီး ကျန်တစ်ယောက်က ဓါးထောက်ပြီး ဆိုင်ကယ်သော့တောင်းရာကနေ ကောင်လေးကလည်း  ပြန်ခုခံတော့  ဗိုက်မှာ ဓါးနဲ့ထိုးခံရတာ။ ဖြစ်တာကတော့ ည(၉)နာရီကျော်လောက်က ဖြစ်တာပါ"ဟု ကာယကံရှင်တို့နှင့် နီးစပ်သူများက Tachileik News Agency ကို ပြောပြသည်။

အမည်မသိ လူငယ်(၂)ဦးက scoopy အမျိုးအစား ဆိုင်ကယ်အား စီးလာကာ လူပြတ်သည့်နေရာအရောက်တွင် ဓါးဖြင့် ခြိမ်းခြောက်ပြီး ဆိုင်ကယ်လုရာမှ ကာယကံရှင်မှာ ပြန်လည်ခုခံရင်း ဗိုက်တွင်ဓါးဖြင့် ထိုးခံရသလို ဦးခေါင်းနှင့် နောက်ကြောတို့မှာလည်း ဓါးဒဏ်ရာများစွာရရှိကြောင်း သိရသည်။

"ဒဏ်ရာတွေက များတယ် ခေါင်းက နည်းနည်းကြီးတယ် ခုတ်ခံရတာ။ ခွဲခန်းဝင်တာ မနက်(၈)နာရီခွဲမှ ထွက်ရတယ်။ အခြေနေကတော့ စိုးရိမ်စရာမရှိတော့ဘူးလို့ သိရတယ်"ဟု နီးစပ်သူများက ပြောသည်။



တာချီလိတ်မြို့တွင် ယခုလို အသက်အန္တရာယ်ရန်ရှာက ဆိုင်ကယ် နှင့် ဖုန်း၊ ပိုက်ဆံအိတ်များ လုယက်မှု နေ့စဉ် နီးပါး ဖြစ်ပွားနေသော်လည်း ဒေသလုံခြုံရေး တာဝန်ယူထားသည်ဟုဆိုသည့် စရဖ(စရတ) စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့မှ ၎င်းတို့ကို ဖမ်းဆီးရဲခြင်းမရှိဘဲ သက်သက် လွတ်ပေးထားသည်ဟုလည်း သေခံများက ဆိုကြသည်။

"အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်မြို့မှာ စရဖ နဲ့ ရဲတွေက  စစ်အာဏာရှင် ဆန့်ကျင်သူမှန်သမျှကို  ဖမ်းဆီးတာတွေ လုပ်ကြတာကို တွေ့ရပေမဲ့  အခုလို ခိုးဆိုးလုယက်တွေကိုတော့ မဖမ်းရဲတာက ဒေသအတွက် အတော်ကို ပြောစရာဖြစ်နေတယ်။ ဒါဟာ မဖမ်းရဲတာလား၊ အကျိုးတူ မျှစားနေကြလို့ မဖမ်းတာလားဆိုတာ မေးခွန်းထုတ်စရာပဲ။ အခုဆိုရင် တာချီလိတ်က နေလို့မကောင်းတော့ဘူး။ ဆိုင်ကယ် Taxi ဆွဲသူတွေက အစ ခံနေရတာ။ အလုပ်က ပြန်လာတဲ့ ကောင်မလေးတွေဆိုလည်း ခဏခဏ ဆိုင်ကယ် လုခံရတယ်။ ရဲတပ်ဖွဲ့ကတော့ ပြောနေကြ စကားအတိုင်း ပြောလိမ့်မယ်။ ကျွန်တော်တို့နား လာတိုင်တာ တစ်မှုမှမရှိဘူး ဆိုပြီး လက်သုံးစကား ပြောကြမှာပေါ့။ ရဲစခန်းသွားတိုင်တော့လည်း အဆင်ပြေပြေ မရှိဘူး။ ငေါက်ငမ်းတာတွေ။ ခြောက်လန့်ပြောဆိုတာတွေ လုပ်ကြတော့ ဘယ်လောက်ပဲ ခံရ ခံရ သွားမတိုင်ရဲကြတော့ဘူးလေ။"ဟု ဒေသခံ ဦးထွန်းကြိုင်က ပြောသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ် ခိုးမှုကနေ လုယက်မှုအထိ အထိန်းအကွပ်မဲ့ ဖြစ်ပွားနေပြီး ယခုလို လုပ်ဆောင်သူများသည် မည်သည့်နေရာတွင် နေထိုင်ကြောင်းနှင့် မည်သူ လုပ်ဆောင်ကြောင်းကို ရဲတပ်ဖွဲ့က အသိဆုံးဖြစ်သော်လည်း ကြိုးစားအားထုတ်ဖမ်းဆီးခြင်းမရှိ၍ ဒေသခံများအတွက် လုံခြုံမှုမရှိတော့သည်အထိ ဖြစ်လာနေသည်ဟု ဒေသခံများက ဆိုသည်။