တာချီလိတ်တွင် နေ့ခင်းအချိန် ဆိုင်ကယ်ခိုးသွားသူအား ၁၀ရက် ဝန်းကျင်အကြာတွင် ဖမ်းဆီးရမိ

တာချီလိတ်တွင် နေ့ခင်းအချိန် ဆိုင်ကယ်ခိုးသွားသူအား ၁၀ရက် ဝန်းကျင်အကြာတွင် ဖမ်းဆီးရမိ
ဒီဇင်ဘာ 22, 2019
By Tachileik News Agency
တာချီလိတ်တွင် နေ့ခင်းအချိန် ဆိုင်ကယ်ခိုးသွားသူအား ၁၀ရက် ဝန်းကျင်အကြာတွင် 
ဖမ်းဆီးရမိ

မြန်မာ - ထိုင်း နယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်နေ့ နေ့လယ်ပိုင်းက  အိမ်ရှေ့၌ သော့တန်းလန်းဖြင့် ရပ်ထားစဉ် ခိုးခံလိုက်ရသည့် လိုင်စင်ရှိဆိုင်ကယ်ကို (၁၀)ရက်ဝန်းကျင် အကြာတွင်  ခိုးယူသူနှင့်အတူ ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

“လှည့်ကင်းလှည့်ရင်း မသင်္ကာလို့ စစ်ဆေးတာကနေ ဖမ်းမိတာပါ။ ဆိုင်ကယ်ပိုင်ရှင်ကလည်း လာပြီး အတည်ပြုပြီး သွားပါပြီ။ သူ့လိုင်စင်စာအုပ်မှာပါတဲ့ အချက်အလက်အားလုံးနဲ့ တိုက်စစ်ထားပြီးပါပြီ။ သူက ဆိုင်ကယ်ပျောက်တာနဲ့ ကျွန်တော်တို့ဆီကို ဆိုင်ကယ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေနဲ့ လာအကြောင်းကြားထားပါတယ်။ ဆိုင်ကယ်ပျောက်တယ်ဆိုရင် လိုင်စင်ရှိရှိ၊ မရှိရှိ အချက်အလက်လေးတွေ၊ ပုံလေးတွေနဲ့ လာအကြောင်းကြားထားရင် ကျွန်တော်တို့လည်း အလုပ်လုပ်ရတာ ပိုအဆင်ပြေပါတယ်။ အခုနောက်ပိုင်းတော့ လာအကြောင်းကြားတာလည်း များတော့များလာပါတယ်”ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ဇေယျက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့မ ရဲတပ်ဖွဲ့မှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ဇေယျ၊ နယ်ထိန်း ရဲတပ်ကြပ်ကြီး အောင်သာခိုင်၊ ရဲတပ်ကြပ်ကြီး ကျော်မင်းနိုင်၊ ရဲတပ်ဖွဲ့ဝင် ငြိမ်းမြင့်သူတို့သည် သက်သေအဖြစ် ဝမ်ကောင်းပြည်သူ့စစ်မှ ဦးစည်သူ၊ ဦးမင်းမင်းနိုင်တို့နှင့်အတူ ဒီဇင်ဘာလ (၂၂)ရက်နေ့ ညနေ (၃)နာရီဝန်းကျင်က ရပ်ကွက်လှည့်ကင်း ဆောင်ရွက်နေစဉ် ဆေခမ်းရပ်ကွက်ဘက်သို့ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားတစ်ဦးကို မသင်္ကာသဖြင့် တားဆီး စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းနှင်လာသည့် အားဆောင်းက ဆိုင်ကယ်အား မကာဟိုခမ်းရပ်ကွက် ရေဆိပ်အနီး လမ်းဘေးမှ ခိုးယူလာခြင်းဖြစ်ကြောင်း ထွက်ဆိုသဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်ခိုးယူလာသည့် အားဆောင်းကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၇၂၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါ ဆိုင်ကယ်မှာ မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းအတွင်းရှိ နေအိမ်တွင် ဒီဇင်ဘာလ (၁၃)ရက်နေ့ နေ့လယ် (၁၂)နာရီ မိနစ်(၅၀)ကျော်က သော့တန်းလန်းဖြင့် ရပ်ထားခဲ့ရာမှ ခိုးယူခံခဲ့ရခြင်းဖြစ်သည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~