ဖိအားပေးခံနေရသော်လည်း တာချီလိတ် စည်ပင်ဝန်ထမ်းများ CDM  ဆက်လက် လုပ်ဆောင်သွားမည်

ဖိအားပေးခံနေရသော်လည်း တာချီလိတ် စည်ပင်ဝန်ထမ်းများ CDM  ဆက်လက် လုပ်ဆောင်သွားမည်
ဖေဖော်ဝါရီ 19, 2021 | နိုင်ငံရေး| ရှမ်းရှေ့

စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုတွင် ပါဝင်နေသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများအနေဖြင့် CDM မလုပ်ရန် ဖိအားပေးခံရမှုများရှိနေသော်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။



ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်နယ်ဌာနခွဲများ၊ မြို့နယ်/ မြို့နယ်ခွဲ စည်ပင်သာယာရေးဌာနများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများမှ CDM လုပ်နေသည့် ဝန်ထမ်းများ လုပ်ငန်းခွင် အမြန်ဆုံးပြန်ဝင်ရန် ကြေညာချက်ထွက်လာပြီးနောက် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်ပြန်ဝင်ရန် ဝန်ထမ်းများသို့ အသိပေးအကြောင်းကြားစာကို ဖေဖေါ်ဝါရီလ ( ၁၉)ရက်နေ့၌ ပေးပို့လာခြင်းဖြစ်ကြောင်း သိရသည်။



စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းလိုက်ရာ စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများက CDM လုပ်ဆောင်နေပြီး ပြည်သူများကလည်း ငြိမ်းချမ်းသည့် နည်းလမ်းမျိုးစုံဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ဆန္ဒထုတ်ဖေါ်နေကြခြင်းဖြစ်သည်။



ပြီးခဲ့သည့်ရွေးကောက်ပွဲ၌ မဲစာရင်းမှားယွင်းနေသည်ဟု တပ်မတော်က ဝေဖန်မှုများကို အစိုးရက ဖြေရှင်းမပေး၍ဟုဆိုကာ နိုင်ငံတော်အာဏာကို သိမ်းထားခြင်းဖြစ်သည်။

Tachileik News Agency