ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင် တာချီလိတ်မှတဆင့် နေရပ်ပြန်ရန် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား (၅၀)ဦးအတွက် စားစရိတ်ကို မြန်မာဘက်က ပံ့ပိုးမည်ဖြစ်၍ ပါဝင်လှူဒါန်းနိုင်

ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင် တာချီလိတ်မှတဆင့် နေရပ်ပြန်ရန် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား (၅၀)ဦးအတွက် စားစရိတ်ကို မြန်မာဘက်က ပံ့ပိုးမည်ဖြစ်၍ ပါဝင်လှူဒါန်းနိုင်
မတ် 29, 2020
By Tachileik News Agency
ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင် တာချီလိတ်မှတဆင့် နေရပ်ပြန်ရန် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား (၅၀)ဦးအတွက် စားစရိတ်ကို မြန်မာဘက်က ပံ့ပိုးမည်ဖြစ်၍ ပါဝင်လှူဒါန်းနိုင်
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ဘက်သို့ မယ်ဆိုင်မြို့ရှိ ချစ်ကြည်ရေး အမှတ်(၁)တံတားမှ တဆင့် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့ နံနက်အစောပိုင်းက ပြန်ဝင်ရန်ရောက်လာသည့် နေရပ်ပြန်မြန်မာလုပ်သား (၄၈)ဦးကို နယ်စပ်တံတားမှ ဝင်ခွင့်မပြုတော့ဘဲ မယ်ဆိုင်ဘက်ခြမ်းတွင် ယာယီနေထိုင်နိုင်ရန် စီစဉ်ပေးထားရာ စားသောက်စရိတ်ကို မြန်မာဘက်က ကျခံရမည်ဖြစ်၍ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

“ဒီနေ့ ကျွန်တော်တို့ (၁၁)နာရီလောက်မှာ ဟိုဘက်ကမ်း တံတားထိပ်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပိတ်မိနေတယ်ဆိုလို့ ဦးထွန်း(မယ်ဆိုင်)ကို အကူအညီတောင်းခဲ့ပါတယ်။ အဲဒီလို အကူအညီတောင်းတဲ့အခါမှာ သူတို့ဘက်က နေစရာ အကူအညီပေးဖို့၊ ဒီဘက်ကနေ စားစရာ လှူပေးပါမယ်လို့ ညှိလိုက်တော့ မယ်ဆိုင်အုပ်ချုပ်ရေးမှူးက လွယ်ပေါင်းဘုန်းကြီးကျောင်းမှာ နေရာချထားပေးပါတယ်။ လှူမယ်ဆိုရင် တစ်ဦးကို တစ်နပ်ကို တစ်နေကုန် ဘတ် (၅၀)နှုန်းနဲ့ လူ(၅၀)စာ၊ ရေပါ အပါအဝင်ပေါ့ကျပါတယ်။ ကျွန်တော်တို့ အဲဒီလိုလုပ်မှပဲ ဟိုဘက်ကနေ ခိုးကူးတဲ့ကိစ္စတွေ ပပျောက်သွားမယ့် အနေအထားရှိပါတယ်”

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ဆိုင်ဘက်ခြမ်းတွင် ယာယီနေထိုင်နေသည့် မြန်မာနိုင်ငံသားများအတွက် စားစရိတ်ကူညီပေးလိုပါက တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ( မြန်မာဖုန်း 094 282 19995)မှ တစ်ဆင့်သော် လည်းကောင်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)၏ ဘဏ်စာရင်းအမှတ် Mi Mi Jamsai 176 243 9774 ( K Bank )သို့ လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ကြမည်ဖြစ်ကြောင်းသိရသည်။

မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့မှ မယ်ဆိုင်မြို့ဘက် ချစ်ကြည်ရေးတံတား(၁)နှင့် မဝေးသည့် လွယ်ပေါင်းဘုန်းကြီးကျောင်းတွင် အမျိုးသား(၂၈)ဦး နှင့် အမျိုးသမီး (၂၀)ဦး စုစုပေါင်း (၄၈)ဦးကို လက်ခံနေရာချထားပေးရာ ကျန်(၂)ဦးမှာ မယ်ဆိုင်မြို့ရှိ ဆွေမျိုးများ၏ နေအိမ်သို့ သွားရောက် နေထိုင်ကြောင်း သိရသည်။

တာချီလိတ်ဘက်သို့ လာရန်အတွက် လတ်တလောတွင် မယ်ဆိုင်မြို့သို့ ရောက်ရှိနေသူများအနေဖြင့် မယ်ဆိုင်ဆေးရုံအနီးရှိ မယ်ဆိုင်မြို့ပိုင်ရုံးသို့ သွားရောက် မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် (COVID 19) ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်ဂိတ်များမှ လူအဝင်အထွက်ကို မတ်လ (၂၃)ရက်နေ့မှစ၍ ပိတ်ထားခြင်းဖြစ်ပြီး မယ်ဆိုင်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၂)ဉီးတွေ့ရှိထားသည်။

Tachileik News Agency
ဓါတ်ပုံ - ဦးထွန်း(မယ်ဆိုင်)

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~