ထိုင်းတောင်ပိုင်းတွင် ကားမှောက်ပြီးနောက် တရားမဝင် မြန်မာရွှေ့ပြောင်းနေထိုင်သူ (၂၉) ဦး အဖမ်းခံရ

ထိုင်းတောင်ပိုင်းတွင် ကားမှောက်ပြီးနောက် တရားမဝင် မြန်မာရွှေ့ပြောင်းနေထိုင်သူ (၂၉) ဦး အဖမ်းခံရ

ထိုင်းနိုင်ငံတောင်ပိုင်း Phatthalung ပြည်နယ် Muang ခရိုင်အတွင်း လမ်းမတစ်ခုတွင် ဇန်နဝါရီလ (၁၈) ရက်နေ့ နံနက်ပိုင်းက တိမ်းမှောက်ခဲ့သည့် ပစ်ကပ်ထရပ်ကားတစ်စီးတွင် စုပြုံလိုက်ပါလာသည့် မြန်မာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ (၂၉) ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ 

ပုံစံပြောင်း ပြုပြင်မွမ်းမံထားပြီး တာပေါ်လင်စဖြင့် အုပ်ထားသည့် ပစ်ကပ်ကားမှာ ဘယ်ဖက်ကားဘီး တာယာကွဲထွက်သွားပြီးနောက် တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁၈) ရက် ဒေသစံတော်ချိန် နံနက် (၆) နာရီခွဲဝန်းကျင်က Phatthalung-Hat Yai လမ်းကြောင်းတစ်လျှောက် Tha Khae အရပ်ရှိ Phetkasem လမ်းပေါ်တွင် ကားတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ရဲတပ်ဖွဲ့က ရောက်ရှိလာချိန်တွင် ကားမောင်းသူနှင့် လိုက်ပါလာသူများက ကားမှောက်သည့်နေရာမှ ထွက်ပြေးသွားခဲ့ကြောင်း Phatthalung ပြည်နယ် Muang ခရိုင် ရဲတပ်ဖွဲ့မှ ရဲဗိုလ်ကြီး Supachai Muen-aksorn က ပြောသည်။

နောက်ပိုင်းတွင် အခင်းဖြစ်နေရာမှ (၁) ကီလိုမီတာခန့်အကွာ၌ လိုက်ပါလာသူ အားလုံးကို ဖမ်းမိခဲ့ကြောင်းနှင့် ၎င်းတို့က ဒေသခံများ၏ နေအိမ်များတွင် ဝင်ရောက် ပုန်းအောင်းနေခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ 

ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ မြန်မာ (၂၉) ဦးအနက် အမျိုးသမီး (၈) ဦးနှင့် ကလေး (၂) ဦး ပါဝင်ကြောင်း သိရသည်။ 

၎င်းတို့အနက် တစ်ဦးမှာ ကားမှောက်မှုတွင် ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ 

ကားမောင်းသူမှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှုအရ ရွှေ့ပြောင်းလာသူများက ရနောင်းပြည်နယ်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့ပြီးနောက် Chumphon ပြည်နယ်တွင် နေထိုင်ခဲ့ကြကြောင်းနှင့် Songkhla ပြည်နယ်သို့သွားခြင်းဖြစ်ကြောင်း သိရသည်။ 

၎င်းတို့က အခြားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ထိုင်းလူမျိုး အလုပ်ပွဲစားများနှင့် ဆက်သွယ်ခဲ့သည်ဟု ထွက်ဆိုကြသည်။

Source: Bangkok Post