သိမ်းဆည်းရမိခဲ့သည့် ဆေးခြောက် (၂၀၀) ကီလိုဂရမ်ကို ကြွက်များက စားပစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က‌ဆို

သိမ်းဆည်းရမိခဲ့သည့် ဆေးခြောက် (၂၀၀) ကီလိုဂရမ်ကို ကြွက်များက စားပစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က‌ဆို
နိုဝင်ဘာ 25, 2022 | နိုင်ငံတကာသတင်း
By Mr John

 အိန္ဒိယနိုင်ငံတွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူများထံမှ သိမ်းဆည်းရမိခဲ့ပြီး ရဲစခန်းများတွင် သက်သေအဖြစ်သိမ်းထားသည့် ဆေးခြောက်ပမာဏ အလေးချိန် (၂၀၀) ကီလိုဂရမ် (ပေါင် ၄၄၀) နီးပါးကို ကြွက်များက စားပစ်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ 

"ကြွက်တွေက တိရိစ္ဆာန် အကောင်သေးလေးတွေဖြစ်ပြီး ရဲတွေကို မကြောက်ဘူး။ မူးယစ်ဆေးဝါးတွေကို သူတို့ရန်ကနေ ကာကွယ်ဖို့ခက်တယ်" ဟု အူတာပရာဒက်ရှ်ပြည်နယ်ရှိ တရားရုံးတစ်ရုံးက ပြောသည်။

မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသည့် အမှုများတွင် သိမ်းဆည်းရမိခဲ့သည့် ဆေးခြောက်များကို သက်သေအဖြစ်တင်သွင်းရန် တရားရုံးက ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့စဥ် ထိုအခြေအနေကို သိရှိခဲ့ရခြင်း ဖြစ်သည်။

 တရားသူကြီးက ကြွက်များ ကိုက်ဖြတ်စားပစ်မှုကြောင့် ဆေးခြောက်များ ပျက်စီးသွားခဲ့သည့် အမှု (၃) ခုကို ရည်ညွှန်းပြောကြားခဲ့သည်။ 

သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများကို သက်သေအဖြစ်တင်သွင်းရန် တရားရုံးက ရဲတပ်ဖွဲ့ကို ပြောခဲ့ရာ ကြွက်များ ကိုက်ဖြတ်စားပစ်မှုကြောင့် ဆေးခြောက် (၁၉၅) ကီလိုဂရမ် ပျက်စီးသွားခဲ့ကြောင်း အကြောင်းပြန်ခဲ့သည်ဟု တရားသူကြီး ဆန်ဂျေးချောင်ဒရီက ပြောသည်။

နောက်ထပ် အမှုတစ်ခုတွင် သက်သေအဖြစ်သိမ်းထားသည့် ဆေးခြောက် (၃၈၆) ကီလိုဂရမ်အနက် အချို့ကို ကြွက်များက စားပစ်ခဲ့ကြောင်း ရဲမှတ်တမ်းက ဆိုသည်။ 

မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူများထံမှ သိမ်းဆည်းရမိခဲ့သည့် ဆေးခြောက်ပမာဏ (၇၀၀) ကီလိုဂရမ်ကို Mathura ခရိုင်အတွင်းရှိ ရဲစခန်းများတွင် သက်သေအဖြစ်သိမ်းထားကြောင်းနှင့် ထိုဆေးခြောက်များ အားလုံးမှာ ကြွက်များစားပစ်မည့် အန္တရာယ်ရှိနေသည်ဟု တရားသူကြီး ချောင်ဒရီက ပြောသည်။

ကြွက်များမှာ အလွန်သေးငယ်ရာ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရေး ရဲများက ကျွမ်းကျင်မှုမရှိဟုလည်း ၎င်းကဆိုသည်။ 

သက်သေအဖြစ်သိမ်းထားသည့် ဆေးခြောက်များကို အကြောက်အလန့်မရှိသော ကြွက်များ၏ရန်မှ ကာကွယ်ရေး တစ်ခုတည်းသော နည်းလမ်းမှာ ထိုဆေးခြောက်များကို သုတေသနဓာတ်ခွဲခန်းများနှင့် ဆေးဝါးကုမ္ပဏီများသို့ လေလံပစ်ခြင်းက ပိုကောင်းမည်ဖြစ်ကြောင်း တရားသူကြီး ချောင်ဒရီက ဖြည့်စွက်ပြောသည်။

Mathura ခရိုင် ရဲအရာရှိ MP Singh ကမူ ရဲစခန်း၌ ၎င်း၏အနီး သက်သေအဖြစ်သိမ်းထားခဲ့သည့် ဆေးခြောက်များအနက် အချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပျက်စီးခဲ့ကြောင်းနှင့် ကြွက်များကြောင့်မဟုတ်ဟု သတင်းထောက်များကို ပြောခဲ့သည်။ 

၂၀၁၈ ခုနှစ်အတွင်းက အာင်တီးနားနိုင်ငံတွင် ရဲတပ်ဖွဲ့ ဂိုဒေါင်တစ်ခုမှ ဆေးခြောက်တန်ချိန်တစ်ဝက် ပျောက်ဆုံးသွားခဲ့ရာ ကြွက်များ စားပစ်ခဲ့ခြင်းကြောင့်ဟု ပြောဆိုခဲ့သည့် ရဲအရာရှိ (၈) ဦးကို ရာထူးမှ ထုတ်ပယ်ခဲ့ဖူးသည်။

အိန္ဒိယအရှေ့ပိုင်း ဘီဟာပြည်နယ်တွင် အရက်ရောင်းချမှုနှင့် သောက်သုံးမှုကို တားမြစ်ပိတ်ပင်ခဲ့ပြီးနောက် တစ်နှစ်အကြာ ၂၀၁၇ ခုနှစ်တွင် သိမ်းဆည်းထားသော ထောင်နှင့်ချီသည့် အရက်ပုလင်းများကို ကြွက်များက သောက်ခဲ့ကြသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ 

အာဆမ်ပြည်နယ်တွင်မူ ၂၀၁၈ ခုနှစ်က ငွေထုတ်စက်ချို့ယွင်းမှုကို ပြင်ဆင်ရန် ပညာရှင်များ ရောက်ရှိလာခဲ့စဥ် ရူပီးငွေ (၁.၂) သန်း (အမေရိကန်ဒေါ်လာ ၁၄,၆၉၁) တန်ဖိုးရှိ ငွေစက္ကူများ ဖျက်ဆီးခံထားရပြီး သံသယ တရားခံမှာ ကြွက်များဖြစ်ခဲ့သည်။

Source: BBC