ထိုင်းနိုင်ငံသားများသာ လုပ်ခွင့်ကိုင်ရှိသည့် အလုပ်နေရာများတွင် ဝင်ရောက်လုပ်ကိုင်မှုဖြင့် နိုင်ငံခြားသားများ ဖမ်းဆီးခံရမှုအတွင်း မြန်မာ အများဆုံး ပါဝင်

ထိုင်းနိုင်ငံသားများသာ လုပ်ခွင့်ကိုင်ရှိသည့် အလုပ်နေရာများတွင် ဝင်ရောက်လုပ်ကိုင်မှုဖြင့် နိုင်ငံခြားသားများ ဖမ်းဆီးခံရမှုအတွင်း မြန်မာ အများဆုံး ပါဝင်
By Mr John

ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသားများကိုသာ လုပ်ကိုင်ခွင့် ပြုထားသော အလုပ်နေရာများတွင် ဝင်ရောက် လုပ်ကိုင်နေကြသည့် နိုင်ငံခြားသား အလုပ်သမား (၇၀၀) ကျော်ကို   (၆) လအတွင်း ဖော်ထုတ်ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသားများ အများဆုံး ပါဝင်ကြောင်း သိရသည်။ 

ထိုင်းနိုင်ငံသားများ အတွက်သာ သီးသန့်ဖြစ်သည့် အလုပ်အကိုင်နေရာများတွင် ဝင်ရောက်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ဖမ်းဆီးမှု အခြေအနေအား ထိုင်းအစိုးရတာဝန်ရှိသူများက ၂၀၂၄ ခုနှစ် မတ်လ (၂၁) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

အလုပ်အကိုင်ဌာနက အပြင်းအထန် ဖြိုခွင်းမှုဖြင့် နိုင်ငံခြားသား (၇၂၁) ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Kharom Polpornklang က ပြောသည်။ 

ဖမ်းဆီးခဲ့သူ အများစုမှာ လမ်းဘေးဈေးသည်၊ ဆံပင်ညှပ်သမား၊ ယာဥ်မောင်းနှင့် အနှိပ်သည်အဖြစ် လုပ်ကိုင်နေကြသည်ဟု ဆိုသည်။ 

နိုင်ငံခြားသားများက ထိုင်းနိုင်ငံများသားများ အတွက်သာ သီးသန့်ဖြစ်သည့် အလုပ်အကိုင်များတွင် ဝင်ရောက်လုပ်ကိုင်နေကြောင်း တိုင်ကြားမှုများရှိကြောင်း သိရသည်။

၂၀၂၄ ဘဏ္ဏာနှစ်၏ ကနဦး နှစ်ဝက်အတွင်းဖြစ်သော ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁) ရက်မှ ၂၀၂၄ ခုနှစ် မတ်လ (၁၈) ရက်နေ့အထိ အလုပ်အကိုင်ဌာနက ထိုင်းနိုင်ငံတဝန်း လုပ်ငန်း (၂၅,၆၂၈) ခုကို စေ့စေ့စပ်စပ် စစ်ဆေးခဲ့ပြီး ထိုင်းနိုင်ငံသားများအတွက် အလုပ်အကိုင်နေရာများတွင် နိုင်ငံခြားသားများကို ငှားရမ်းမှုဖြင့် လုပ်ငန်း (၈၂၀) ခုကို ဥပဒေအရ အရေးယူခဲ့သည်။ 

ထို့အပြင် နိုင်ငံခြားသား (၃၀၆,၅၇၇)ဦးကို စိစစ်ခဲ့ပြီး (၁,၆၈၉) ဦးကို ဥပဒေအရ အရေးယူခဲ့ကြောင်း သိရသည်။

၎င်းတို့အနက် (၇၂၁) ဦးမှာ ထိုင်းနိုင်ငံသားများအတွက် သီးသန့်ဖြစ်သော အလုပ်အကိုင်နေရာများတွင် ဝင်ရောက်လုပ်ကိုင်မှုနှင့် အခြား ဥပဒေချိုးဖောက်မှုများဖြင့် စွဲချက်တင်ခံရသည်။ 

နိုင်ငံခြားသားများက ထိုအလုပ်အကိုင်နေရာများတွင် ဝင်ရောက်လုပ်ကိုင်မှုကို ဘန်ကောက်နှင့် အနီးဝန်းကျင်ဒေသများ၊ ဖူးခက်၊ ကော့စမွီ၊ ပတ္တရားနှင့် ချင်းမိုင်တို့တွင် တွေ့ရသည်။

ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံ  (၃၁၆) ဦးအဖြစ် အများဆုံး ပါဝင်နေပြီး ကမ္ဘောဒီးယားနိုင်ငံသား (၁၇၅) ဦး၊ အိန္ဒိယ (၆၅) ဦး၊ ဗီယက်နမ် (၄၂) ဦး၊ တရုတ် (၅) ဦးနှင့် အခြား နိုင်ငံသား (၁၂) ဦးတို့ ပါဝင်ကြောင်း သိရသည်။

ထိုနိုင်ငံခြားသား အများစုမှာ လမ်းဘေးဈေးရောင်းခြင်း၊ ဆံပင်ညှပ်ခြင်း၊ ယာဥ်မောင်းခြင်း သို့မဟုတ် အနှိပ်ဝန်ဆောင်မှုတို့ကို လုပ်ကိုင်ခဲ့ကြကြောင်း ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

 

Source: The Thaiger