ဝန်ကြီးချုပ် မခန့်နိုင်သေးသည့် ထိုင်းလွှတ်တော်က ဝန်ကြီးချုပ်သစ် ရွေးချယ်ခန့်အပ်ရန် ဇူလိုင်လ (၂၇) ရက်နေ့တွင် နောက်တစ်ကြိမ် မဲပေးမည်

ဝန်ကြီးချုပ် မခန့်နိုင်သေးသည့် ထိုင်းလွှတ်တော်က ဝန်ကြီးချုပ်သစ် ရွေးချယ်ခန့်အပ်ရန် ဇူလိုင်လ (၂၇) ရက်နေ့တွင် နောက်တစ်ကြိမ် မဲပေးမည်
ဇူလိုင် 21, 2023 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့ပြီး လွှတ်တော်အစည်းအဝေးများ စတင်နေပြီ ဖြစ်သော်လည်း ဝန်ကြီးချုပ်သစ် ရွေးချယ်ခန့်အပ်ကာ အစိုးရအဖွဲ့သစ် ဖွဲ့စည်းနိုင်ခြင်း မရှိသေးဘဲ လွှတ်တော်က ဝန်ကြီးချုပ်သစ် ရွေးချယ်ရန် တတိယအကြိမ် ဆွေးနွေးမှုနှင့် မဲပေးမှုကို လာမည့် ဇူလိုင်လ(၂၇)ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်။

ဝန်ကြီးချုပ်သစ် ရွေးချယ်ခန့်အပ်မှုနှင့် ပတ်သက်၍ အထက်လွှတ်တော်နှင့် အောက်လွှတ်တော် လွှတ်တော်နှစ်ခုပေါင်း အချေအတင် ဆွေးနွေးမှုနှင့် မဲပေးမှုကို ဇူလိုင်လ (၂၇) ရက်နေ့၌ ပြုလုပ်သွားမည်ဟု လွှတ်တော်ဥက္ကဌ Wan Muhamad Noor Matha က ပြောခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် မေလ (၁၄) ရက် အထွေထွေရွေးကောက်ပွဲတွင် Move Forward Party (MFP) ပါတီက လွှတ်တော်အမတ်နေရာ အများဆုံးဖြင့် အနိုင်ရခဲ့သော်လည်း ပါတီခေါင်းဆောင် ဖီထာ လင်းဂျလင်လပ် မှာ ဝန်ကြီးချုပ်ဖြစ်ခွင့် မရခဲ့ပေ။

ဇူလိုင်လ (၁၃) ရက်နေ့က ပြုလုပ်ခဲ့သည့် လွှတ်တော်နှစ်ရပ်ပေါင်း မဲပေးမှုတွင် ဖီထာ လင်းဂျလင်လပ်  ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့သော်လည်း ထောက်ခံမဲ (၃၂၄) မဲ၊ ကန့်ကွက်မဲ (၁၈၂) မဲ ရရှိခဲ့ပြီး ကြားနေမဲ (၁၉၉) မဲရှိခဲ့ကာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်မခံခဲ့ရကြောင်း သိရသည်။ 

ဇူလိုင်လ (၁၉) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေးတွင်မူ ဖီထာ လင်းဂျလင်လပ်  ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း ပြန်တင်သွင်းမှုအပေါ် မဲခွဲဆုံးဖြတ်ပြီး ပယ်ချခဲ့သည်။

ဖီထာ လင်းဂျလင်လပ်  ကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်း ပြန်တင်သွင်းမှုကို မဲခွဲဆုံးဖြတ်ရာတွင် လွှတ်တော်အမတ် (၇၁၅) ဦး မဲပေးခဲ့ကြပြီး ထောက်ခံမဲ (၃၁၂) မဲနှင့် ကန့်ကွက်မဲ (၃၉၅) မဲ ရလဒ်ဖြင့် ပယ်ချခဲ့ခြင်း ဖြစ်သည်။ 

ဇူလိုင်လ (၁၉) ရက်နေ့၏ လွှတ်တော်အစည်းအဝေး စတင်သည့် နံနက်ပိုင်းတွင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက MFP ပါတီခေါင်းဆောင် ဖီထာ လင်းဂျလင်လပ်  ကို အောက်လွှတ်တော်အမတ်အဖြစ်မှ ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။

ဖီထာ လင်းဂျလင်လပ်  က iTV Plc မီဒီယာကုမ္ပဏီတွင် ရှယ်ယာများ ပိုင်ဆိုင်ထားမှုနှင့် ပတ်သက်၍ တိုင်ကြားချက်ရှိလာခဲ့ပြီးနောက် အခြေခံဥပဒေခုံရုံးက တိုင်ကြားချက်ကို လက်ခံပြီး ၎င်းကို အမတ်အဖြစ်မှ ရပ်ဆိုင်းလိုက်ခြင်းလည်း ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်အမတ်များမှာ မီဒီယာကုမ္ပဏီတစ်ခုခုတွင် ရှယ်ယာပိုင်ဆိုင်ခွင့်မရှိကြောင်း သိရသည်။

ဖီထာ လင်းဂျလင်လပ်  ကမူ iTV ကုမ္ပဏီတွင် ပိုင်ဆိုင်ထားသည့် ရှယ်ယာ (၄၂,၀၀၀) မှာ ကွယ်လွန်သူ ဖခင်၏ ပိုင်ဆိုင်မှုများဖြစ်ကြောင်း ပြောဆိုထားသည်။ 

အခြေခံဥပဒေခုံရုံးက ဖီထာ လင်းဂျလင်လပ်  ကို ရွေးကောက်ခံ လွှတ်တော်အမတ်အဖြစ်မှ ရပ်ဆိုင်းလိုက်ပြီး လွှတ်တော်ကလည်း ဖီထာ လင်းဂျလင်လပ်  ကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းမှုအပေါ် မဲခွဲဆုံးဖြတ် ပယ်ချလိုက်ပြီးနောက် ဇူလိုင်လ (၁၉) ရက် ညနေပိုင်းမှစ၍ ၎င်းအား ထောက်ခံသူများက ဘန်ကောက်မြို့လယ်ရှိ ဒီမိုကရေစီကျောက်တိုင် Democracy Monument တွင် စုရုံးဆန္ဒပြခဲ့ကြကြောင်း သိရသည်။

 

Source: Bangkok Post