ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်းမှ ရွှေ့ပြောင်းမြန်မာလုပ်သားများ COVID 19 ကာကွယ်ဆေးထိုးရန် အခက်အခဲရှိပါက လူမှုကူညီရေးအသင်းထံမှ အကူအညီ ရယူနိုင်

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်းမှ ရွှေ့ပြောင်းမြန်မာလုပ်သားများ COVID 19 ကာကွယ်ဆေးထိုးရန် အခက်အခဲရှိပါက လူမှုကူညီရေးအသင်းထံမှ အကူအညီ ရယူနိုင်
By Tachileik News Agency

ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်အတွင်းမှ ရွှေ့ပြောင်းမြန်မာလုပ်သားများအနေဖြင့် COVID 19  ကာကွယ်ဆေး အခမဲ့ ထိုးနှံမှုခံယူရန် အခက်အခဲရှိပါက ချင်းရိုင်းရှိလူမှုကူညီရေးအသင်းက အခမဲ့ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

"ကျွန်မတို့ ကူညီပေးတာက ကဒ်မရှိလို့ အခက်အခဲဖြစ်တာတို့၊ ဘာသာစကား အခက်အခဲဖြစ်တာတို့ကို အခမဲ့ ကူညီပေးနေတာပါ။ ကဒ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကာကွယ်ဆေးထိုးလို့ရပါတယ်။ ဘာမှ မလိုပါဘူး။ ကိုယ့်ဘာသာ ဆက်သွယ်ပြီးလုပ်ဖို့ အခက်အခဲရှိရင် ပန်းရောင်ကဒ်ရှိတဲ့သူဆိုရင်တော့ ကဒ်မိတ္တူမှာ ဖုန်းနံပါတ်ရေးပြီး ကျွန်မတို့ရုံးမှာ ပေးထားရင် ကာကွယ်ဆေးထိုးနိုင်ဖို့ စီစဉ်ပေးပါတယ်။ ကဒ်မရှိလို့ မြန်မာမှတ်ပုံတင်နဲ့ဆိုရင်လည်း မှတ်ပုံတင်မိတ္တူမှာ အသက်၊ အရပ်၊ ကိုယ်အလေးချိန်၊ ဖုန်းနံပါတ်ရေးပေးထားပြီး ကာကွယ်ဆေးထိုးလို့ရပါတယ်။ "ဟု ချင်းရိုင်းရှိ လူမှုကူညီရေးအသင်းမှ မအေးစုလှိုင်က Tachileik News Agency သို့ပြောသည်။

ချင်းရိုင်းခရိုင်အတွင်း COVID 19 ကာကွယ်ဆေးထိုးရန် အကူအညီလိုသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ အနေဖြင့် အားသီ 066 1371785၊ ကျော်ထက်ဦး 062 0351107၊ မာရာဇူး 061 9497633၊ အေးစုလှိုင် 061 7299514၊ ကျော်စိုး 082 3275546၊ ကျော်ဝင်းဌေး 062 3603437၊ ထွန်းပြည့်ပိုင် 062 6596123 နှင့် ဝင်းနိုင် 065 7712949 တို့၏ ဖုန်းများကနေ ဆက်သွယ် မေးမြန်းကာ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း နေထိုင်သူအားလုံးကို COVID 19 ကာကွယ်ဆေးထိုးနှံပေးနေခြင်းဖြစ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် ခရီးသွားလာခြင်း၊ အိမ်ခန်းငှားခြင်း၊ အလုပ်ရှင်သူဌေးအပြောင်းအလဲလုပ်ခြင်းတို့တွင် အခက်အခဲ မရှိစေရန် ကာကွယ်ဆေးအား မဖြစ်မနေ ထိုးနှံကြရန်ကိုလည်း လူမှုကူညီရေးအသင်းက တိုက်တွန်းထားသည်။