ရုရှားက ယူကရိန်းအလယ်ပိုင်းရှိ လူစည်ကားရာ ဈေးဝယ်စင်တာကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး (၁၈) ဦး သေဆုံး

ရုရှားက ယူကရိန်းအလယ်ပိုင်းရှိ လူစည်ကားရာ ဈေးဝယ်စင်တာကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး (၁၈) ဦး သေဆုံး
By Mr John

ယူကရိန်းနိုင်ငံ အလယ်ပိုင်း Kremenchuk မြို့ရှိ ဈေးဝယ်စင်တာတစ်ခုကို ရုရှားဒုံးကျည်တစ်စင်း ထိမှန်ခဲ့မှုအတွင်း အနည်းဆုံး လူ (၁၈) ဦး သေဆုံးခဲ့ပြီး (၅၉) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဒေသစံတော်ချိန် ဇွန်လ (၂၇) ရက် ညနေ (၃) နာရီ (၅၀) မိနစ်ဝန်းကျင်က ဒုံးကျည်ထိမှန်ခဲ့စဥ် လူစည်းကားသည့် ဈေးဝယ်စင်တာတွင် အရပ်သား (၁,၀၀၀) ခန့်ရှိနေခဲ့သည်ဟု ခန့်မှန်းထားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ပြောသည်။

ရုရှားက ဈေးဝယ်စင်ကာကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုမှာ ဥရောပသမိုင်းတွင် အရိုင်းဆိုင်းဆုံး အကြမ်းဖက်လုပ်ရပ်များအနက်မှ တစ်ခုဖြစ်ကြောင်း သမ္မတဇီလန်းစကီးက စွပ်စွဲရှုတ်ချလိုက်သည်။ 

ဂျာမနီနိုင်ငံတွင် ထိပ်သီးအစည်းအဝေး ပြုလုပ်နေကြသည့် အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ကနေဒါ၊ ဂျပန်၊ အီတလီ၊ ဂျာမနီနှင့် ဥရောပသမဂ္ဂတို့မှ G7 ခေါင်းဆောင်များကလည်း ယခုတိုက်ခိုက်မှုကို စက်ဆုပ်ဖွယ်ရာအဖြစ် ရှုတ်ချလိုက်ကြသည်။

ယခုလုပ်ရပ်အတွက် ရုရှားသမ္မတပူတင်နှင့် တာဝန်ရှိသူများ တာဝန်ခံရမည်ဟုလည်း ၎င်းတို့က ပြောဆိုခဲ့သည်။ 

"အပြစ်မဲ့ အရပ်သားတွေကို မဆင်မခြင် တိုက်ခိုက်မှုတွေက စစ်ရာဇဝတ်မှု ဖြစ်ပါတယ်" ဟု G7 ခေါင်းဆောင်များက ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ယူကရိန်းလေတပ်ဌာနချုပ်၏ ပြောကြားမှုအရ ဈေးဝယ်စင်တာကို ခရီးရှည်ပျံသန်းနိုင်သည့် Tu-22M3 ဗုံးကြဲလေယာဥ်များမှ KH-22 ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

KH-22 ဒုံးကျည်က အလေးချိန် ပေါင် (၂,၂၄၀) အထိ ပေါက်ကွဲစေနိုင်သော ထိပ်ဖူးကို သယ်ဆောင်နိုင်ကြောင်း CNN သတင်းက ဖော်ပြသည်။

ဈေးဝယ်စင်တာ တိုက်ခိုက်ခံရသည့် Kremenchuk မြို့မှာ ရုရှားထိန်းချုပ်ထားသည့် နယ်မြေနှင့် (၈၁) မိုင်အကွာတွင်ရှိကြောင်း BBC သတင်းက ပြောသည်။ 

ထိုမြို့သည် Poltava ပြည်နယ်တွင်ရှိပြီး ယူကရိန်း၏ အကြီးဆုံး စက်မှုမြို့များအနက်မှ တစ်မြို့ဖြစ်ကာ ၂၀၂၁ ခုနှစ် လူဦးရေစာရင်းအရ လူဦးရေ (၂၂၀,၀၀၀) နီးပါး နေထိုင်ကြကြောင်း သိရသည်။ 

Kremenchuk မြို့အတွင်း ဒုံးကျည်ထိမှန်မှုမှာ ပထမဆုံးအကြိမ်မဟုတ်ကြောင်းနှင့် ဧပြီလအတွင်း တစ်ကြိမ်နှင့် လွန်ခဲ့သည့် (၁၀) ရက်က ရေနံသန့်စင်စက်ရုံအနီးတွင် တစ်ကြိမ် ဒုံးကျည်ထိမှန်ခဲ့ဖူးသည်။

Source: BBC, CNN, Reuters

Photo: UKRAINE EMERGENCY SERVICES, Efrem Lukatsky/AP, Anna Voitenko/Reuters, Sergey Bobok/AFP/Getty Images, REUTERS/Anna Voitenko