ယူကရိန်းက ကရင်မလင်နန်းတော်ကို ဒရုန်းဖြင့် တိုက်ခိုက်ပြီး သမ္မတပူတင်ကိုသတ်ရန် ကြိုးပမ်းခဲ့ဟု ရုရှား ပြောဆို

ယူကရိန်းက ကရင်မလင်နန်းတော်ကို ဒရုန်းဖြင့် တိုက်ခိုက်ပြီး သမ္မတပူတင်ကိုသတ်ရန် ကြိုးပမ်းခဲ့ဟု ရုရှား ပြောဆို
By Mr John

ယူကရိန်းက မော်စကိုမြို့တော်ရှိ ကရင်မလင်နန်းတော်ကို ဒရုန်းဖြင့် တိုက်ခိုက်ပြီး သမ္မတ ဗလာဒီမာပူတင်ကို သတ်ရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့ကြောင်း ရုရှားဘက်က ၂၀၂၃ ခုနှစ် မေလ (၃) ရက်နေ့တွင် စွပ်စွဲပြောဆိုလိုက်သည်။ 

ယူကရိန်းကမူ ကရင်မလင်နန်းတော်ကို ဒရုန်းဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းမှုနှင့် ပတ်သက်၍ မသိရှိကြောင်းနှင့် အခြား နိုင်ငံများကို တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း CNN သတင်းဌာနကို ပြောခဲ့သည်။

ကရင်မလင်နန်းတော်ရှိ သမ္မတပူတင်၏ နေအိမ်ကို ပစ်မှတ်ထားသည့် မေလ (၂) ရက် ညပိုင်း တိုက်ခိုက်မှုတွင် ဒရုန်း (၂) စင်း အသုံးပြုထားပြီး အဆိုပါဒရုန်းများကို အီလက်ထရောနစ် ကာကွယ်ရေးစနစ်များဖြင့် ဟန့်တားနိုင်ခဲ့ကြောင်း ရုရှားအစိုးရက ဆိုသည်။ 

မောင်းသူမဲ့ ဒရုန်း (၂) စင်းက ကရင်မလင်နန်းတော်ကို ပစ်မှတ်ထားခဲ့ပါတယ်။ စစ်တပ်နဲ့ အထူးတပ်ဖွဲ့က ရေဒါစစ်ပွဲစနစ်များ အသုံးပြုပြီး အချိန်မီ လုပ်ဆောင်နိုင်မှုကြောင့် ဒရုန်းများကို ဟန့်တားနိုင်ခဲ့ပါတယ်

ဟု ရုရှားအစိုးရ ထုတ်ပြန်ချက်တွင် ပြောထားသည်။

ယင်းတိုက်ခိုက်မှုကို ရုရှားအနေဖြင့် သင့်တော်သလို လက်တုံ့ပြန်ခွင့်ရှိကြောင်းလည်း ရုရှားအစိုးရက ပြောဆိုထားသည်။ 

ဒီလုပ်ရပ်က ကြိုတင်စီစဥ်ထားတဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး သမ္မတရဲ့အသက်ကို ရန်ရှာတာ ဖြစ်ပါတယ်။ Victory Day မေလ (၉) ရက် စစ်ရေးပြချီတက်ပွဲ May 9 Parade အကြိုကာလမှ လုပ်ခဲ့တာပါ။ Victory Day စစ်ရေးပြချီတက်ပွဲမှာ ပြည်ပဧည့်သည်များ တက်ရောက်ရန်လည်း စီစဥ်ထားပါတယ်

ဟု ရုရှားကဆိုသည်။

ရုရှား၏ အဆိုပါစွပ်စွဲပြောဆိုမှုမှာ (၁၄) လကြာပြီဖြစ်သည့် ယူကရိန်းစစ်ပွဲကို နောက်ထပ် အရှိန်မြှင့်ရန်  အကြောင်းပြချက်အဖြစ် အသုံးချလာနိုင်သည်ဟု ယူဆထားကြသည်။

Source: Reuters, CNN