နယူးမက္ကစီကို သိပ္ပံပညာရှင်များက ငှက်အသေကောင်များကို ဒရုန်းအဖြစ် စမ်းသပ် ဖန်တီး

နယူးမက္ကစီကို သိပ္ပံပညာရှင်များက ငှက်အသေကောင်များကို ဒရုန်းအဖြစ် စမ်းသပ် ဖန်တီး
By Mr John

အမေရိကန်နိုင်ငံ နယူးမက္ကစီကိုပြည်နယ်တွင် သိပ္ပံပညာရှင်များက ငှက်အသေများကို ဘဝသစ်တစ်ခု ဖန်တီးပေးပြီး တောရိုင်းတိရိစ္ဆာန် သုတေသနပြု လေ့လာရေးအတွက် သမားရိုးကျ မဟုတ်သော ချဥ်းကပ်မှုတွင် အသုံးပြုရန် ရည်ရွယ်ဆောင်ရွက်နေကြောင်း သိရသည်။ 

နယူးမက္ကစီကိုပြည်နယ် Socorro မြို့ရှိ New Mexico Institute of Mining and Technology မှ အဖွဲ့တစ်ဖွဲ့က taxidermy နည်းဖြင့် ထိန်းသိမ်းထားသော ငှက်အသေများကို ဒရုန်းများအဖြစ် ဖန်တီးပြောင်းလဲပြီး လေ့လာရေးအတွက် ပျံသန်းစေခြင်း ဖြစ်သည်။

"ငှက်သေတွေကို ဒရုန်းအဖြစ် အသွင်ပြောင်းဖို့ ဒီစိတ်ကူးကို ကျွန်တော်တို့ အသုံးချခဲ့တယ်" ဟု ယခု စီမံကိန်းကို ဦးဆောင်သူ စက်ပိုင်းဆိုင်ရာအင်ဂျင်နီယာဘာသာရပ် ပါမောက္ခဖြစ်သူ ဒေါက်တာ Mostafa Hassanalian က ပြောသည်။

ခန္ဓာကိုယ် မပျက်ယွင်းစေရန် taxidermy နည်းဖြင့် ထိန်းသိမ်းထားသော ငှက်သေများကို ဒရုန်းအဖြစ် ဖန်တီး၍ ပျံသန်းစေခြင်း လက်ရှိတွင် တက္ကသိုလ်၌ ထိုစီမံကိန်းအတွက် ရည်ရွယ်ဆောက်လုပ်ထားသော လှောင်အိမ်တစ်ခုအတွင်း စမ်းသပ်နေသည်။

အဆိုပါ ငှက်အသေကောင် ဒရုန်းများကို ငှက်များ အုပ်စုဖွဲ့ခြင်းနှင့် ပျံသန်းမှုပုံစံများကို ပိုမို နားလည်သိရှိရန် အသုံးပြုနိုင်သည်ဟု ဆိုသည်။ 

ထိုသို့ နားလည်သိရှိခြင်းကို လေယာဥ်ထုတ်လုပ်မှုလုပ်ငန်းအတွက် အသုံးချနိုင်ကြောင်း ဒေါက်တာ Hassanalian က ပြောသည်။ 

"ဒီငှက်တွေ သူတို့ကြားမှာ စွမ်းအင်ကို ဘယ်လို စီမံခန့်ခွဲတယ်ဆိုတာ ကျွန်တော်တို့ လေ့လာနိုင်ရင် ဒါကို အနာဂတ် လေယာဥ်ထုတ်လုပ်ရေးလုပ်ငန်းမှာ စွမ်းအင် ပိုမိုချွေတာဖို့နဲ့ လောင်စာဆီ ပိုမိုချွေတာဖို့  ကျွန်တော်တို့ အသုံးချနိုင်ပါတယ်" ဟု ၎င်းကဆိုသည်။

လက်ရှိ ဖန်တီးစမ်းသပ်ထားသည့် ငှက်အသေကောင် ဒရုန်း၏ ရှေ့ပြေးနမူနာပုံစံက အကြာဆုံးအဖြစ် မိနစ် (၂၀) ကြာမျှသာ ပျံသန်းနိုင်ကြောင်း၊ ထို့ကြောင့် နောက်တစ်ဆင့်တွင် အချိန်ပိုမိုရှည်ကြာ ပျံသန်းနိုင်ရန် မည်သို့ ပြုလုပ်ရမည်ကို အဖြေရှာရန်ဖြစ်ကြောင်းနှင့် သက်ရှိငှက်ရိုင်းများကြား ရောနှောပျံသန်းမှုကို စမ်းသပ်ရန်ဖြစ်ကြောင်း ဒေါက်တာ Hassanalian က ပြောခဲ့သည်။

Source: Reuters

Photo: REUTERS/Liliana Salgado, Instagram/Mostafahassanalian, New Mexico Tech/SWNS, Dr. Mostafa Hassanalian,