အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲရာမှ ပြာမှုန်များ လေထုထဲသို့ ပေ ၉,၈၀၀ ကျော် အမြင့်အထိ ရောက်ရှိ

( ၂၀၂၂ခုနှစ် ဧပြီလ(၂၂)ရက်နေ့ ဖွင့်ပွားခဲ့သည့် ‌မီးတောင်ပေါက်ကွဲနေမှု - Photo: Indonesia Volcano Monitoring )
( ၂၀၂၂ခုနှစ် ဧပြီလ(၂၂)ရက်နေ့ ဖွင့်ပွားခဲ့သည့် ‌မီးတောင်ပေါက်ကွဲနေမှု - Photo: Indonesia Volcano Monitoring )
အင်ဒိုနီးရှားတွင် မီးတောင်ပေါက်ကွဲရာမှ ပြာမှုန်များ လေထုထဲသို့ ပေ ၉,၈၀၀ ကျော် အမြင့်အထိ ရောက်ရှိ
By Mr John

အင်ဒိုနီးရှားနိုင်ငံတွင် Anak Krakatoa မီးတောင် ပေါက်ကွဲရာမှ ထွက်ပေါ်လာသည့် မီးတောင်ပြာမှုန်များ လေထုထဲသို့ ပေ ၉,၈၀၀ ကျော် (မီတာ ၃,၀၀၀) အမြင့်အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

ဧပြီ (၂၄) ရက်နေ့က Anak Krakatoa မီးတောင်ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် ပြာမှုန်များမှာ ဂျာဗားကျွန်းနှင့် ဆူမာတြားကျွန်းကို ပိုင်းခြားထားသည့် ရေလက်ကြားပေါ်တွင် ထူထပ်စွာ ရှိနေခဲ့ရာ အာဏာပိုင်တွေက အနီးအနားရှိ ဒေသခံများကို အိမ်အပြင်ထွက်ပါက mask တပ်ထားရန် သတိပေးထားရသည်။ 



"မီးတောင်ဝကနေ မီတာ ၅၀၀ မှ ၃,၀၀၀ ကြား အမြင့်အထိ ထူထပ်တဲ့ပြာမှုန်တွေ ထွက်ပေါ်လာမှုနဲ့အတူ ဆက်တိုက်ပေါက်ကွဲနေတာ မှတ်တမ်းတင်နေတုန်းပါပဲ" ဟု အင်ဒိုနီးရှား ဘူမီဗေဒဌာနမှ Deny Mardiono က ပြောသည်။

Anak Krakatoa မီးတောင်မှာ လတ်တလော သီတင်းပတ်များအတွင်း အနည်းဆုံး (၂၁) ကြိမ် ပေါက်ကွဲခဲ့ကြောင်းနှင့် ဧပြီ (၂၄) ရက်နေ့၏ ပေါက်ကွဲမှုသည် ယခုအချိန်အထိ အကြီးမားဆုံးဖြစ်ကြောင်းလည်း Deny Mardiono က ဆိုသည်။ 



အာဏာပိုင်တွေက မီးတောင်ပတ်လည် (၁.၂) မိုင်အတွင်း ဖြတ်သန်းသွားလာခြင်း မပြုကြရန် ညွှန်ကြားထားသည်။

လက်ရှိတွင် မီးတောင်ပေါက်ကွဲမှုအန္တရာယ် သတိပေးချက်ကို အဆင့် (၂) အဖြစ် ထုတ်ပြန်ထားကြောင်းနှင့် အင်ဒိုနီးရှားတွင် ထိုသို့သတိပေးချက်ကို အဆင့် (၄) ဆင့်ဖြင့် သတ်မှတ်ထားကြောင်း သိရသည်။

"ကမ္ဘာလှည့်ခရီးသည်တွေ အပါအဝင် လူတွေအနေနဲ့ ဘူမိဗေဒဌာနက ထုတ်ပြန်တဲ့ အကြံပြု ညွှန်ကြားချက်တွေကို လိုက်နာသင့်တယ်။ မီးတောင်ပတ်လည် (၁.၂) မိုင်အတွင်း ဘယ်သူမှ ရှိမနေကြဖို့ ဖြစ်ပါတယ်" ဟု Deny Mardiono က ပြောသည်။ 



Anak Krakatoa မီးတောင်သည် ၁၈၈၃ ခုနှစ်က Krakatoa မီးတောင် ပေါက်ကွဲခဲ့ရာမှ လွန်ခဲ့သော ရာစုနှစ်အစပိုင်းက ပင်လယ်ထဲမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ထိုစဥ်ကတည်းက လှုပ်ရှားမှုရှိနေခဲ့သည်။

Krakatoa မီးတောင် ပေါက်ကွဲပြီးနောက် ထွက်ပေါ်လာသည့် မီးတောင်ဖြစ်သဖြင့် Krakatoa ၏ ကလေး (Child of Krakatoa) ဟု အဓိပ္ပါယ်ရသည့် Anak Krakatoa ဟုအမည်ပေးခဲ့ကြောင်း သိရသည်။ 



Krakatoa မီးတောင် ပေါက်ကွဲခဲ့သည့် သဘာဝဘေးအန္တရာယ်မှာ သမိုင်းတစ်လျှောက် လူသေဆုံးမှုအများဆုံးနှင့် ပျက်စီးမှုအများဆုံး ဖြစ်ရပ်များအနက်မှ တစ်ခုဖြစ်ခဲ့ပြီး ခန့်မှန်းခြေ လူ (၃၅,၀၀၀) သေဆုံးခဲ့သည်။

ယခု ပေါက်ကွဲမှုဖြစ်နေသည့် Anak Krakatoa မီးတောင်မှာ ၂၀၁၈ ခုနှစ်အတွင်း နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ဖူးပြီး ထိုစဥ်က ဆူနာမီရေလှိုင်း ဖြစ်ပေါ်ခဲ့မှုကြောင့် လူ (၄၂၉) ဦး သေဆုံးကာ လူဦးရေ ထောင်နှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။ 



အရှေ့တောင်အာရှဒေသတွင်း ကျွန်းဆွယ်နိုင်ငံတစ်ခုဖြစ်သည့် အင်ဒိုနီးရှားမှာ ကမ္ဘာ့တိုက်ကြီးများ၏ ကျောက်ဖျာချပ်များ ဆုံတွေ့မှုကြောင့် မီးတောင်ပေါက်ကွဲမှုနှင့် ငလျင်လှုပ်မှု အဖြစ်များသော ပစိဖိတ်မီးကွင်း (Pacific Ring of Fire) နေရာတွင် တည်ရှိနေသည်။ အင်ဒိုနီးရှားတွင် လှုပ်ရှားသက်ဝင်နေသည့် မီးတောင်အရေအတွက် (၁၃၀) နီးပါးရှိကြောင်းလည်း သိရသည်။



Source: AFP