လစာမြင့်မားသော အလုပ်ရမည်ဟု လိမ်လည်ခံရသည့် မလေးရှားနိုင်ငံသား (၁၇၀) ကျော် မြန်မာနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများတွင် အခက်အခဲဖြစ်ပြီး သောင်တင်နေ၍ မလေးရှားအစိုးရက ကယ်တင်နိုင်ရန် စီစဉ်နေ

လစာမြင့်မားသော အလုပ်ရမည်ဟု လိမ်လည်ခံရသည့် မလေးရှားနိုင်ငံသား (၁၇၀) ကျော် မြန်မာနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများတွင် အခက်အခဲဖြစ်ပြီး သောင်တင်နေ၍ မလေးရှားအစိုးရက ကယ်တင်နိုင်ရန် စီစဉ်နေ
အောက်တိုဘာ 1, 2022 | နိုင်ငံတကာသတင်း
By Mr John

 အလုပ်အကိုင် ရမည်ဟု လိမ်လည်ခံရသည့် မလေးရှားနိုင်ငံသား စုစုပေါင်း (၁၇၄) ဦးမှာ မြန်မာနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများတွင် သောင်တင်နေဆဲဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောသည်။ 

လိမ်လည်ခံရသူ (၂၈၄) ဦး၏ မိသားစုနှင့် သူငယ်ချင်းများထံမှ တိုင်ကြားမှု (၂၂၄) ခုကို လက်ခံရရှိထားကြောင်း မလေးရှားရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Noorsiah Saaduddin က ဆိုသည်။

အလုပ်အကိုင် ရမည်ဟု လိမ်လည်ခံရပြီး ပြည်ပနိုင်ငံများတွင် သောင်တင်နေသူများအနက်မှ (၁၁၀) ဦးကို ကယ်တင်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။ 

"ဒီကိစ္စကို ဖြေရှင်းရာမှာ အာဆီယံရဲတပ်ဖွဲ့နဲ့ နိုင်ငံတကာရဲတပ်ဖွဲ့လို အဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမှာပါ။ ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင်တဲ့ အထူးကော်မတီတစ်ရပ်မှာလည်း ရဲတပ်ဖွဲ့က ပါဝင်ပါတယ်" ဟု Noorsiah Saaduddin က စက်တင်ဘာလ (၃၀) ရက်နေ့ ထုတ်ပြန်ချက်တွင် ပြောထားသည်။

မလေးရှားနိုင်ငံသားများအနေဖြင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြည်ပနိုင်ငံများတွင် အလုပ်အကိုင်ရမည်ဟု ကမ်းလှမ်းမှုများကို သတိထားကြရန်နှင့် ပြည်ထဲရေးဝန်ကြီးဌာနကို ဆက်သွယ်ပြီး အလုပ်ရှင် အစစ်အမှန်ဟုတ် မဟုတ် အတည်ပြုစစ်ဆေးရန်လည်း သူမက အကြံပြုခဲ့သည်။ 

"အလုပ်ရမယ်လို့ လိမ်လည်နေသူတွေနဲ့ ပတ်သက်တဲ့ ဘယ်လို သတင်းအချက်အလက်ပဲဖြစ်ဖြစ် ပြည်သူလူထုက ကူညီသတင်းပေးတာကိုလည်း ရဲတပ်ဖွဲ့က ကြိဆိုပါတယ်" ဟု ၎င်းကပြောသည်။

အလုပ်အကိုင်ရမည်ဟု လိမ်လည်ခံရသည့် သတင်းများမှာ မလေးရှားတွင် ယမန်နှစ် နှစ်လယ်ပိုင်းတွင် စတင်ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ 

အာဆီယံနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာကဲ့သို့ နိုင်ငံများတွင် အခြေစိုက်ပြီး ထိုလိမ်လည်မှုကို လုပ်ကိုင်နေကြသည့် အဖွဲ့များက များသောအားဖြင့် လစာမြင့်မားသည့် ပြည်ပအလုပ်အကိုင်များကို ကြော်ငြာရန် Facebook နှင့် Instagram ကဲ့သို့ ဆိုရှယ်မီဒီယာကို အသုံးပြုကြသည်ဟု ဆိုသည်။

လိမ်လည်ခံရပြီး ပြည်ပသို့ရောက်ရှိသွားပါက လိမ်လည်သည့် အဖွဲ့များ၏ နေရာများတွင် အတင်းအကျပ် ထိန်းသိမ်းထားပြီး အွန်လိုင်းမှတစ်ဆင့် လူအများကို လိမ်လည်ရန် သင်ကြားပေးခံရသည်ဟု သိရသည်။ 

ထိုသို့ လိမ်လည်မှုပုံစံများတွင် အချစ်ဇာတ်လမ်းဆင်ပြီး crypto အွန်လိုင်းငွေကြေး လိမ်လည်မှု၊ အွန်လိုင်းရင်းနှီးမြှုပ်နှံမှုများ လိမ်လည်မှုနှင့် ဘဏ်ချေးငွေကတ် အချက်အလက်များကို ရယူမှုတို့ ပါဝင်သည်ဟုဆိုသည်။

လိမ်လည်ခံရသူ၏ ပတ်စ်ပို့ကဲ့သို့ ခရီးသွားလာမှုဆိုင်ရာ စာရွက်စာတမ်းများနှင့် ဖုန်းများကို လိမ်လည်သည့်အဖွဲ့များက သိမ်းဆည်းထားကြလေ့ရှိသည်။

 လိမ်လည်ခံရသူများကို အဆောက်အအုံ သို့မဟုတ် ခြံဝင်းထဲမှ အပြင်သို့ထွက်ခွင့်မပြုဘဲ တစ်နေ့လျှင် (၁၅) နာရီအထိ အတင်းအကျပ် အလုပ်လုပ်ခိုင်းကြောင်းလည်း သိရသည်။ 

လိမ်လည်သူများ စေခိုင်းသည့်အတိုင်း မလုပ်ပါက ရိုက်နှက်ခံရခြင်း၊ အစာအငတ်ထားခံရခြင်းနှင့် အခြား လိမ်လည်သည့်အဖွဲ့များထံသို့ ရောင်းစားခံရခြင်းတို့ ကြုံရမည်ဟု ဆိုသည်။

ပြည်ပနိုင်ငံများတွင် သောင်တင်နေသည့် မလေးရှားနိုင်ငံသားများကို ကူညီပေးမည်ဟု အစိုးရက ကတိပြုထားကြောင်း မလေးရှားဝန်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကွတ်ဘ်က စက်တင်ဘာလ (၂၀) ရက်နေ့တွင် ပြောသည်။ 

"လာအို၊ မြန်မာ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားလို ပြည်ပနိုင်ငံတွေမှာ သောင်တင်နေကြတဲ့ မလေးရှားနိုင်ငံသားတွေရဲ့ ကံကြမ္မာကို အစိုးရက အလွန်စိုးရိမ်ပြီး အလေးအနက်ထားတယ်ဆိုတာ ကျွန်တော် အလေးထား ပြောလိုပါတယ်" ဟု ဝန်ကြီးချုပ်က ထုတ်ပြန်ချက်တွင် ပြောသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အစောပိုင်း ပြောကြားမှုအရ စက်တင်ဘာလ (၂၁) ရက်အထိ အလုပ်အကိုင်ရမည်ဟု လိမ်လည်ခံရပြီး ပြည်ပနိုင်ငံ (၄) ခုတွင် သောင်တင်နေကြောင်း တိုင်ကြားမှု (၃၀၁) ခုကို လက်ခံရရှိထားကြောင်း သိရသည်။ 

ထိုသို့ လိမ်လည်ခံရသူ စုစုပေါင်း (၁၆၈) ဦးကို အောင်မြင်စွာ ကယ်တင်ခဲ့ပြီး မလေးရှားသို့ ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။ 

နောက်ထပ် (၃၄) ဦးကို လူဝင်မှုကြီးကြပ်ရေးဌာနများတွင် ထိန်းသိမ်းထားကြောင်းနှင့် (၉၉) ဦးကို သက်ဆိုင်ရာ နိုင်ငံများ၏ အာဏာပိုင်များက ရှာဖွေနေကြဆဲ ဖြစ်သည်။

Source: CNA