မူးယစ်အဖွဲ့များ၏ ငွေကြေးခဝါချမှု မြန်မာဘက် ငွေလွှဲပြောင်းမှုတို့တွင် ပါဝင်ပတ်သက်နေသူ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနှင့်သားဖြစ်သူကို ထိုင်းရဲ ဖမ်းမိ

မူးယစ်အဖွဲ့များ၏ ငွေကြေးခဝါချမှု မြန်မာဘက် ငွေလွှဲပြောင်းမှုတို့တွင် ပါဝင်ပတ်သက်နေသူ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနှင့်သားဖြစ်သူကို ထိုင်းရဲ ဖမ်းမိ
ဒီဇင်ဘာ 20, 2019
By Tachileik News Agency
မူးယစ်အဖွဲ့များ၏  ငွေကြေးခဝါချမှု  မြန်မာဘက် ငွေလွှဲပြောင်းမှုတို့တွင် ပါဝင်ပတ်သက်နေသူ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနှင့်သားဖြစ်သူကို ထိုင်းရဲ ဖမ်းမိ

မူးယစ်အဖွဲ့များ၏ ငွေကြေးခဝါချမှုနှင့် မြန်မာဘက် ငွေလွှဲပြောင်းပေးမှုတို့တွင် ပါဝင်ပတ်သက်သည့် ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ရှိ လက်ထောက်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနှင့် သားဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ထိုင်းမူးယစ်အထူးတပ်ဖွဲ့နှင့် စစ်တပ်မှအထူးအဖွဲ့တို့ ပူးပေါင်းကာ ဖန်းဒေသရှိ နွန်ဖိုင်းရွာ၏ ယခင် လက်ထောက် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဆုန်ဆာ့ဆခွန်ခီရိ၏ နေအိမ်အား ဝင်ရောက်ဖမ်းဆီးရာ ဆုန်ဆာ့က နေအိမ်မှ ထွက်ပြေးသွားသဖြင့် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့က လိုက်လံဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ဆုန်ဆာ့က လက်ထောက်ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ကျေးရွာသူ ကျေးရွာသားများကို ဘဏ်စာရင်းများ ဖွင့်လှစ်စေပြီး မူးယစ်အဖွဲ့များ၏ တရားမဝင်ငွေကြေးများကို လက်ခံယူကာ ကျေးရွာသူ ကျေးရွာသားများ ရဲစခန်း သို့မဟုတ် တရားရုံးသို့ သွားရောက်ရသည့်ကိစ္စများတွင်လည်း လိုက်လံဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ပေးခြင်းမှာ ကျေးရွာသူ ကျေးရွာသားများအနေဖြင့် ငွေကြေးထိန်းသိမ်းမှုလွယ်ကူစေရန် ကူညီခြင်းသာဖြစ်ပြီး တရားမဝင်ငွေကြေးများ လက်ခံရယူရန် ဘဏ်စာရင်းငှားရမ်းဖွင့်လှစ်ခြင်းမဟုတ်ကြောင်း ဆုန်ဆာ့က ငြင်းဆိုထားသည်။

ရဲတပ်ဖွဲ့က နေအိမ်သို့ ဝင်ရောက်ဖမ်းဆီးစဉ် ထွက်ပြေးသွားခဲ့ခြင်းမှာ ဓါးပြဝင်တိုက်သည်ထင်၍ ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု ဆုန်ဆာ့ကပြောသည်။

ဆုန်ဆာ့သည် ၂၀၁၅ ခုနှစ်တွင် ကျေးရွာသူ ကျေးရွာသားများအမည်ဖြင့် ဘဏ်စာရင်းပေါင်း (၃၀) ဖွင့်လှစ်ခဲ့ကာ ငွေကြေးများကို မြန်မာဘက်မှ မူးယစ်ရောင်းဝယ်သူများထံ လွှဲပြောင်းပေးထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါ ဘဏ်စာရင်းများမှနေ၍ တရားမဝင် ငွေကြေးလည်ပတ်စီးဆင်းမှုမှာ ထိုင်းဘတ်ငွေ သန်း (၅၀၀)ရှိသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ဆုန်ဆာ့နှင့်အတူ အသက် (၂၂)နှစ်အရွယ် သားဖြစ်သူမှာလည်း ဖမ်းဆီးခံထားရပြီး မူးယစ်ငွေကြေးခဝါချမှုဖြင့် စွပ်စွဲခံထားရခြင်းဖြစ်သည်။

မူးယစ်အထူးတပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့များက ဒီဇင်ဘာလ (၁၉)ရက်နေ့တွင် ချင်းမိုင်နှင့် ချင်းရိုင်းခရိုင်များအတွင်း မူးယစ်သံသယရှိသည့် နေရာပေါင်း (၂၂)နေရာ၌ တစ်ပြိုင်တည်း ဝင်ရောက်စီးနင်းရာ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း (၄)သိန်း၊ ဘိန်းဖြူ (၂၀၀) ဂရမ်၊ သေနတ်တစ်လက်တို့ကိုလည်း ဖမ်းဆီးရမိထားကြောင်း သိရသည်။

အလားတူ ငွေကြေးခဝါချမှုဖြင့် အလိုရှိနေသည့် ချင်းရိုင်းခရိုင်မှ အမျိုးသမီးတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

Tachileik News Agency
Ref; Bang Kok Post , Chiang Rai Times
Photo: NSB
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~