နန်းနိန်းရွာဘုန်းကြီးကျောင်း၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုကို NCA ထိုးထားသည့် PNLO ရှုတ်ချ

နန်းနိန်းရွာဘုန်းကြီးကျောင်း၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုကို NCA ထိုးထားသည့် PNLO ရှုတ်ချ
By Tachileik News Agency

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့၊ နန်းနိန်းရွာဘုန်းကြီးကျောင်း၌ သံဃာ ၃ ပါးနှင့် လက်နက်မဲ့ပြည်သူ ၁၉ ဦးသတ်ဖြတ်ခံရခြင်းအပေါ် လက်ခံနိုင်ဖွယ်မရှိကြောင်း NCA လက်မှတ်ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)က ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။



ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ပြုမူခဲ့ကြသည့်လုပ်ရပ်အတွက် များစွာတုန်လှုပ်ခြောက်ခြား၊ ကြေကွဲဝမ်းနည်းရကြောင်းနှင့် စစ်ရာဇဝတ်မှုမြောက်သည့် အဆိုပါလုပ်ရပ်အတွက် ကျူးလွန်သည့်အစုအဖွဲ့အနေဖြင့် ခြွင်းချက်မရှိ တာဝန်ယူရမည်ဖြစ်ကြောင်း PNLO က သဘောထားထုတ်ပြန်သည်။



စစ်ရာဇဝတ်မှုမြောက်သည့် အပြစ်မဲ့အရပ်သားများအား သတ်ဖြတ်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခြင်းအပါအဝင် မတူကွဲပြားသော ဘာသာ နှင့် လူမျိုးစုများအကြား ရည်ရွယ်ချက်ရှိရှိဖြင့် အမုန်းတရားကြီးထွားလာစေရန် လုပ်ကြံဖန်တီးခြင်း စသည့်မည်သည့်လုပ်ရပ်မျိုးမ ဆို PNLO အနေဖြင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။



နန်းနိန်းရွာတွင် မတ်လ (၁၁)ရက်နေ့ နံနက်(၅)နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် စတင်တိုက်ခိုက်ကာ ညနေပိုင်းတွင် လေကြောင်းမှပါ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နန်းနိန်းရွာဘုန်းကြီးကျောင်းတွင် ပြည်သူများစစ်ရှောင်နေကြစဉ် ယင်းကဲ့သို့ သတ်ဖြတ်ခံခဲ့ကြရခြင်းဖြစ်ကြောင်း မြေပြင်သက်သေဓါတ်ပုံများနှင့်အတူ PNDF-KK က မတ်လ (၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။



အာဏာသိမ်းစစ်ကောင်စီတပ်သည် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က ပင်လောင်းမြို့၊ နန်းနိန်းရွာဘုန်းကြီးကျောင်း၌ သံဃာ ၃ ပါးနှင့် ဒေသခံ ၁၉ ဦးကို သတ်ဖြတ်မှုနှင့်ပတ်သက်၍ “ကယားပဒက်များကို သတ်ဖြတ်ခြင်း”ဟုဆိုကာ ၎င်းတို့၏စစ်တပ်က သတ်ဖြတ်ခြင်းဖြစ်ကြောင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပုံများနှင့်အတူ အာဏာသိမ်းစစ်အုပ်စု၏ လော်ဘီများက ၎င်းတို့၏တယ်လီဂရမ်ချန်နယ်များတွင် မတ်လ (၁၂)ရက်နေ့က ထုတ်ဖေါ်ရေးသားထားကြသည်ကို တွေ့ရသည်။