ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံထားရမှုကို အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဖေဖေါ်ဝါရီလ (၂၁)မှစ၍ (၄)ရက်ကြာ ကြားနာမည်

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံထားရမှုကို အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဖေဖေါ်ဝါရီလ (၂၁)မှစ၍ (၄)ရက်ကြာ ကြားနာမည်

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ဂမ်ဘီယာက မြန်မာကို စွဲဆိုထားသည့် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစ၍ (၄) ရက်ကြာ စစ်ဆေးသွားမည်ဟု ယနေ့ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် စစ်တပ်က ကျူးလွန်ခဲ့သည့် ရိုဟင်ဂျာများအား လူမျိုးတုံးသတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ၂၀၁၉ ခုနှစ်က တရားစွဲဆိုထားခြင်းဖြစ်သည်။

ယင်းအမှုကို ဖေဖော်ဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီလ(၂၈)ရက်အထိ စစ်ဆေးမည်ဖြစ်ကာ မြန်မာဘက်က  ဖေဖော်ဝါရီလ(၂၁)ရက်နေ့နှင့် (၂၅) ရက်နေ့များတွင်လည်းကောင်း၊ ဂမ်ဘီယာနိုင်ငံဘက်က ဖေဖော်ဝါရီလ (၂၃)ရက်နှင့် (၂၈)ရက်နေ့များတွင်လည်းကောင်း လျှောက်လဲချက်များ ပေးရမည်ဖြစ်သည်။ 

အဆိုပါ တရားစွဲဆိုမှုကို NLD အစိုးရလက်ထက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်လျှောက်လဲခဲ့သော်လည်း လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီက ရင်ဆိုင်ရမည်ဖြစ်ရာ အာဏာသိမ်းစစ်ကောင်စီခန့်များဖြစ်ကြသည့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကဦးဆောင်၍  ချေပမည်ဟု ဆိုသည်။

 မြန်မာဘက်မှ ရှေ့နေအဖြစ် ၂၀၁၉ ခုနှစ်ကဆောင်ရွက်ခဲ့သည့် William Schabas ကလည်း ရှေ့နေအဖွဲ့မှ နုတ်ထွက်ကြောင်း ကြေညာထားသည်။

လျှောက်လဲချက်များ ကြားနာခြင်းကို COVID 19 အခြေအနေကြောင့် လူကိုယ်တိုင် ချေပခြင်းနှင့် အွန်လိုင်းမှ ချေပခြင်းကို တွဲ၍လုပ်ဆောင်မည်ဟု တရားရုံးက ကြေညာထားသည်။