ချင်းရွှေဟော်အနီး ပိတ်မိနေသည့် စစ်ရှောင် (၃,၀၀၀)ကျော်ကို ညီနောင်မဟာမိတ်အဖွဲ့က လုံခြုံရာ ရွှေ့ပြောင်းပေးနေ

ချင်းရွှေဟော်အနီး ပိတ်မိနေသည့် စစ်ရှောင် (၃,၀၀၀)ကျော်ကို ညီနောင်မဟာမိတ်အဖွဲ့က လုံခြုံရာ ရွှေ့ပြောင်းပေးနေ
နိုဝင်ဘာ 10, 2023 | 2021 Military Coup| ရှမ်းမြောက်

 ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၀)ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပြီး ချင်းရွှေဟော်ဘက် လမ်းပိုင်းများ ပိတ်ထားဆဲဖြစ်၍ အဆိုပါ လမ်းပိုင်းတွင် ခရီးသွားလာခြင်းများကို သတိထားကြရန် ဒေသအခြေစိုက် မီဒီယာတစ်ခုဖြစ်သည့် The Kokang က သတင်းဖေါ်ပြထားသည်။

ကိုးကန့်ခရိုင်တောင်ပိုင်း ချင်းရွှေဟော်နှင့် ကွမ်းလုံတို့ကို ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA တို့က ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သော်လည်း ကိုးကန့်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားဆဲဖြစ်၍ နယ်စပ်ဒေသကို စစ်ရှောင်လာကြသူများ လမ်းပိုင်းတွင် ပိတ်မိနေကြကြောင်း သိရသည်။

လက်ရှိတွင် ကိုးကန့်ခရိုင်၊ ရှီယွင်ကြည်ရွာနှင့် ချင်းရွှေဟော်လမ်းကြားတွင် ပိတ်မိနေသော စစ်ရှောင်များကို ညီနောင်မဟာမိတ် (၃)ဖွဲ့က ဘေးကင်းရာသို့ ကားများဖြင့် သယ်ယူပို့ဆောင်ပေးနေကြောင်း သိရသည်။

ချင်းရွှေဟော်လမ်းကြောင်းတွင် တိုက်ပွဲသတင်းမသိဘဲ ဝင်လာကြသည့် အရပ်သားအချို့မှာ တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်က ပိတ်ထားသဖြင့် ပြန်လှည့်မရဘဲ ချင်းရွှေဟော် လမ်းကြောင်းတွင် ပိတ်မိနေကြခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက် (၆)နာရီမှ ညနေ (၅)နာရီဝန်းကျင်အထိ ပိတ်မိနေသည့် စစ်ရှောင် (၃၀၀၀) ကျော်ကို MNDAA က စီစဉ်ပေးသည့်ကားများဖြင့် နေရာရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး ကိုယ်ပိုင် ယာဉ်မောင်းနှင်လာသူများကိုလည်း လုံခြုံရာသို့ မိမိအစီအစဉ်ဖြင့် လုံခြုံရာကို ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း The Kokang ၏ သတင်းဖေါ်ပြချက်အရ သိရသည်။

 

Photo: The Kokang