ကွတ်ခိုင်နှင့် ဖားကန့်မြို့နယ်များအတွင်း စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွား

ကွတ်ခိုင်နှင့် ဖားကန့်မြို့နယ်များအတွင်း စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွား
By Tachileik News Agency

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KIA တို့ကြား  ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့တွင် ရှမ်းပြည်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်နှင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်များအတွင်း တိုက်ခိုက်မှုများဖြစ်ပွားပြီး မူဆယ်မြို့နယ်တွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းမှပါ တိုက်ခိုက်သည်ဟု သိရသည်။

စစ်ကောင်စီတပ်က အင်အား (၂၀၀)ဝန်းကျင်ဖြင့် နမ့်ဖက်ကာဘက်မှနေ၍ ကွတ်ခိုင်မြို့နယ်၊ ကောင်းဆတ်တောင်ရှိ KIA တပ်ရင်း (၉)နယ်မြေဘက်ကို ထိုးစစ်ဆင်လာ၍ ခုခံတိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူအပြင် ရဟတ်ယာဉ်တစ်စီးဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယနေ့ နံနက် ကချင်ပြည်နယ် ဖားကန့်မြို့နယ်ဘက်တွင်လည်း ယနေ့ နံနက် (၈)နာရီခွဲကျော်တွင် ဝါရာဇွပ်အနီးတွင် စစ်ကောင်စီတပ်၏စစ်ကြောင်းကို KIA က မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ဆယ်ဂဏန်းဝန်းကျင်သေဆုံးသည်ဟု သိရသည်။

ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအနီးရှိ KIA တပ်ကို ယမန်နေ့ကလည်း အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်ပြီးနောက် ညပိုင်းတွင် ကွတ်ခိုင်ရှိ စစ်ကောင်စီတပ် ဗျူဟာအနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။