KA တပ်စခန်းအား လာတိုက်သည့် စစ်ကောင်စီတပ် သေဆုံးမှုများစွာဖြင့် ဆုတ်ခွါသွားရ

KA တပ်စခန်းအား လာတိုက်သည့် စစ်ကောင်စီတပ် သေဆုံးမှုများစွာဖြင့် ဆုတ်ခွါသွားရ
မတ် 12, 2023 | 2021 Military Coup| ကယား

 

ရှမ်း-ကရင်နီနယ်စပ်အနီး ခေတ္တစခန်းအခြေပြုနေသော ကရင်နီတပ်မတော်(KA)ကို စစ်ကောင်စီတပ်များက ၂၀၂၃ခုနှစ်၊ မတ်လ ၁၁ ရက်တွင် လာရောက်တိုက်ခိုက်ရာ အထိနာပြီး ပြန်လည်ဆုတ်ခွါသွားရကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးက ယနေ့မတ်လ ၁၂ ရက်တွင် ထုတ်ပြန်သည်။

KA ၏ ယာယီတပ်စခန်းကို ရှမ်းပြည်နယ်ဖက်မှဆင်းလာသော ရိက္ခာနှင့် လမ်းလုံခြုံရေးတာဝန်ယူထားသည့် ခမရ(၃၃၄)နှင့် ခမရ (၅၁၉)တပ်ရင်းတို့က ဝင်ရောက်တိုက်ခိုက်ပြီး မေလယုစခန်းထိုင် ခမရ(၃၃၇)တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး(၁၅)လုံးခန့်ပစ်ကူခဲ့ရာ နံနက်ပိုင်းမှ ညနေ(၆)နာရီအထိ တိုက်ပွဲကြာမြင့်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်မှ ထိခိုက်သေဆုံးမှုများဖြင့် ပြန် လည်ဆုတ်ခွာသွားခဲ့ရပြီး ယနေ့မတ်လ(၁၂)ရက်၊ နံနက်ပိုင်းတွင် ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်နောက်သို့ လိုက်လံရှင်းလင်းခဲ့ရာ ခမရ(၃၃၄)နှင့် ခမရ(၅၁၉)တပ်ရင်းမှ အလောင်း(၂)လောင်းနှင့် ခဲယမ်းမျိုးစုံကို သိမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိခိုက်သေဆုံးမှု အရေအတွက်မသိရှိရသော်လည်း အလောင်းများ သို့မဟုတ် ဒဏ်ရာရရှိသူများကို ဆွဲယူသွားသည့် ခြေရာလက်ရာများကို တွေ့ရှိခဲ့ရကြောင်း သိရသည်။