ရှမ်းမြောက်ရှိစစ်ကောင်စီတပ်စခန်း ၈၇ ခုကို မဟာမိတ်တပ်များက ၅ ရက်အတွင်းသိမ်းပိုက်

ရှမ်းမြောက်ရှိစစ်ကောင်စီတပ်စခန်း ၈၇ ခုကို မဟာမိတ်တပ်များက ၅ ရက်အတွင်းသိမ်းပိုက်
နိုဝင်ဘာ 1, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်မိုင်း ကိုးကန့်၊ မုံးကိုး၊ မူပန်(သိန္နီ) စသည့်ဒေသများရှိ စစ်ကောင်စီတပ်စခန်း (၈၇)ခုကို မဟာမိတ်တပ်များက 

ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့အထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

မဟာမိတ်တပ်ဖွဲ့များ၏ (၁၀၂၇) စစ်ဆင်ရေး (၅)ရက်မြောက်‌နေ့ တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)မှ စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်း(၇)ခုကို ထပ်မံတိုက်ခိုက်သိမ်းယူရရှိခဲ့သဖြင့် စခန်း(၈၇)ခုအား သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကန့်ဒေသတွင် MNDAAမှ ကိုးကန့်ခရိုင်၊ တုန်ရှမ်းဒေသ၊ ဟိုကျီတုံနေရာရှိ စစ်ကောင်စီတပ်ဖွဲ့၏ စခန်းကို အောက်တိုဘာလ (၃၀)ရက်နေ့ကစတင်ကာ တစ်ညလုံး ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် အောက်တိုဘာလ (၃၁)ရက်နေ့တွင် စစ်ကောင်စီ၏ စခန်း (၄)ခုကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

MNDAA၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် စစ်ယူနီဖောင်းချွတ်ပြီး စခန်းမှထွက်ပြေးခဲ့ကြပြီး ရှင်းဝမ်ဒေသတွင်လည်း MNDAAနှင့် ဒေသလုံခြုံရေးအဖွဲ့တို့မှ ကိုးကန့်ခရိုင်၊ ရှမ်းဝမ်းဒေသ ရှင်ဖင်ကိုင်ရွာ၊ တရုတ်ဘုရားကျောင်းတွင် အခြေချနေထိုင်သော စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယင်းနေ့ နေ့လယ်ပိုင်းတွင် ၎င်းတပ်စခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၇)ဦးသေကာ လက်နက်ခဲယမ်းအချို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ယင်းနေ့တွင် MNDAAနှင့် ရက္ခိုင့်တပ်တော်(AA)တို့ သည် မူပန်(သိန္နီ)ဒေသ ဟိုပန်ကျေးရွာအုပ်စု၊ မိုင်းတင်ရော်ဘာတောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းနှင့် နာတိအခြေချ ပြည်သူ့စစ်အဖွဲ့စခန်းကို တိုက်ခိုက်သိမ်းယူခဲ့ကြောင်း သိရသည်။

နာတိတပ်စခန်းတွင် ပြည်သူ့စစ်အဖွဲ့၏ ခေါင်းဆောင်အပါအဝင်  အဖွဲ့ဝင် (၁၆)ဦးအား ဖမ်းဆီးရရှိခဲ့ပြီး (၅)ဦးသေဆုံးခဲ့ကာ စစ်ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

သိန္နီခရိုင်၊ ဟော်ပန်ကျေးရွာအုပ်စုလမ်းခွဲတွင် အခြေချထားသော တပ်စခန်းနှင့် နန်ဖုန်းကျေးရွာရှိ တပ်ရင်း(၂၉၁)၏ တပ်စခန်း (၂)ခု၊ ကွမ်ယုံနတ်ကျောင်းစခန်းနှင့် ကွမ်းလုံစခန်းများကိုဘည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ (၃၀)ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်၏ လားရှိုးမှ စစ်ကူလာသော သံချပ်ကာတပ်ဖွဲ့ကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

မုံးကိုးတိုက်ပွဲမှ ရရှိသည့် စစ်ကောင်စီတပ်စခန်းများကို မဟာမိတ်တပ်များက နယ်မြေရှင်းလင်းရေးများ ဆက်လက်လုပ်ဆောင်နေကာ မုံးကိုးခရိုင်၊ ဟုတ်ကျီကျင့်ဒေသရှိ စစ်ဆေးရေးဂိတ်တစ်ခုကိုလည်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : The Kokang