TNLA တပ်စခန်းတစ်ခုအား သိမ်းပိုက်ရရှိဟု စစ်ကောင်စီတပ်ထောက်ခံသူများ ဝါဒဖြန့် ယင်းနေရာတွင် စခန်းမရှိဟု TNLA ဆို

TNLA တပ်စခန်းတစ်ခုအား သိမ်းပိုက်ရရှိဟု စစ်ကောင်စီတပ်ထောက်ခံသူများ ဝါဒဖြန့် ယင်းနေရာတွင် စခန်းမရှိဟု TNLA ဆို
စက်တင်ဘာ 5, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)၏ တပ်စခန်းအား သိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ကောင်စီတပ်ထောက်ခံသူများက ဝါဒဖြန့်နေပြီး ယင်းနေရာတွင် TNLA စခန်းမရှိသည့်အပြင် စခန်းသိမ်းခံရသည့်ဖြစ်စဉ်လည်းမရှိဟု TNLA ရဲဘော်များထံမှ သိရသည်။    

မူဆယ်မြို့နယ် နမ့်အွန်ရွာအနီးရှိ တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)၏ တပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိကြောင်း စစ်ကောင်စီတပ်ထောက်ခံသူများက ဝါဒဖြန့်ချီထားသော်လည်း TNLAရဲဘော်များကမူ ယင်းဖြစ်စဉ်မျိုးမရှိဘဲ စစ်ကောင်စီတပ်ထောက်ခံသူများက ဝါဒဖြန့်ချီခြင်းသာဖြစ်သည်ဟု ဆိုသည်။

“တပ်စခန်းသိမ်းပိုက်ခံရမှုနဲ့ ကျွန်တော်တို့ဘက်က စခန်းစွန့်လွှတ်ရတာမျိုးတော့မရှိပါဘူး။ Telegramမှာ စစ်တပ်လော်ဘီတွေက ဒီလိုပဲ ဝါဒဖြန့်နေကျပါ။ ဒါကအတည်ယူလို့မရပါဘူး။”ဟု TNLA ရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီတပ်ထောက်ခံသည့် Telegram ချန်နယ်များတွင်မူ နမ့်အွန်ရွာ အနောက်ဖက်တွင် စခန်းချနေသည့် TNLA စခန်းတစ်ခုကို စစ်ကောင်စီတပ်က အထိအခိုက်မရှိဘဲ အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး TNLA တပ်သား အလောင်း(၃)လောင်း၊ သေနတ်တစ်လက်၊ ကျည်အိမ်(၄)ခု၊ လက်ပစ်ဗုံး(၃)လုံးနှင့် ကျည်ဆံများအား သိမ်းဆည်းရရှိခဲ့ကြောင်း ဝါဒဖြန့်ထားသည်။ 

“မနေ့က အဲဒီနေရာမှာ တိုက်ပွဲဖြစ်တာမရှိဘူး။ လက်နက်ကြီးတွေနဲ့ပဲပစ်တာ။ လေယာဥ်တွေဝဲတာတွေတော့ရှိတယ်။ တစ်နေ့(စက်တင်ဘာလ ၃ ရက်)ကအထိတော့ အဲဒီမှာပစ်ခတ်တာတွေရှိတယ်။ သူတို့ဝါဒဖြန့်ထားသလို အဲဒီနားမှာ ကျွန်တော်တို့ တပ်စခန်းမရှိဘူး။ စစ်ကောင်စီတပ်နဲ့  အဓိက မူဆယ်၊ စယ်လန့်၊ ကွတ်ခိုင်၊ ခိုမုန်းအနီးဘဲ ဖြစ်တာများတယ်။”ဟု TNLA ရဲဘော်တစ်ဦးပြောသည်။

TNLAတပ်ဖွဲ့နှင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် ဇူလိုင်လ(၂၃)ရက်နေ့ကစတင်ကာ မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ယနေ့ စက်တင်ဘာလ (၅)ရက်နေ့အထိ တိုက်ပွဲများဖြစ်နေသည်။

ကွတ်ခိုင်မြို့နယ် ခိုမုန်းရွာအနီးတွင် စစ်ကောင်စီတပ်လက်အောက်ခံ စကခ(၁၇)၊ ခမရ(၅၇၇)၊ ရမခ/ခလရ(၄၅)၊ တပ်မ(၉၉)၊ ခမရ(၄၂၀)တို့က အင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ဇူလိုင်လ (၂၃)ရက်နေ့မှ စက်တင်ဘာလ (၂)ရက်နေ့အထိ တိုက်ပွဲ(၃၁)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

#TachileikNewsAgency