ထိုင်းတွင်ပြုလုပ်သည့် တရားဝင် မဟုတ်သော ခိုးကြောင်ခိုးဝှက် ဒေသတွင်း အစည်းအဝေးသို့ မြန်မာအာဏာသိမ်းစစ်အုပ်စု၏ ဝန်ကြီးအချို့ တက်ရောက်

ထိုင်းတွင်ပြုလုပ်သည့် တရားဝင် မဟုတ်သော ခိုးကြောင်ခိုးဝှက် ဒေသတွင်း အစည်းအဝေးသို့ မြန်မာအာဏာသိမ်းစစ်အုပ်စု၏ ဝန်ကြီးအချို့ တက်ရောက်
ဒီဇင်ဘာ 23, 2022 | 2021 Military Coup
By Mr John

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် တိတ်တဆိတ် လက်ခံပြုလုပ်ခဲ့သော တရားဝင်မဟုတ်သည့် မြန်မာ့အရေး ဒေသတွင်း အစည်းအဝေးတစ်ရပ်သို့ မြန်မာနိုင်ငံမှ အာဏာသိမ်း စစ်အုပ်စု၏ ဝန်ကြီးအချို့ တက်ရောက်ခဲ့ကြကြောင်း ထိုင်းအစိုးရ သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး Bangkok Post သတင်းက ဖော်ပြသည်။

စစ်တပ်က အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကျပ်အတည်းကို ဆွေးနွေးရန် ထိုအစည်းအဝေးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း အာဆီယံအဖွဲ့မှ အရေးပါသည့် အဖွဲ့ဝင်နိုင်ငံများ တက်ရောက်ခဲ့ကြခြင်း မရှိပေ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံနှင့် ပတ်သက်၍ (၇၄) နှစ်အတွင်း ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပြီး နောက်တစ်ရက်တွင် ယခုအစည်းအဝေးကို ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။ 

လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်က မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဥ်းသားများ အားလုံးကို ပြန်လွှတ်ရန် စစ်အုပ်စုကို တောင်းဆိုထားသည်။

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ခုနှစ်အတွင်း ကတိပြုထားခဲ့သည့်အတိုင်း ဖြုတ်ချခံ အရပ်သားအစိုးရနှင့် ဆက်နွှယ်သော အတိုက်အခံများနှင့် ဆွေးနွေးမှုများ စတင်ရန် ပျက်ကွက်ခဲ့မှုကြောင့် အာဏာသိမ်း စစ်အုပ်စု၏ ဗိုလ်ချုပ်ကြီးများကို အာဆီယံအဖွဲ့၏ အဓိက အစည်းအဝေးများတွင် ပါဝင်တက်ရောက်ခွင့်မပြုဘဲ ဖယ်ကျဥ်ထားခဲ့ခြင်းဖြစ်သည်။ 

မြန်မာအာဏာသိမ်း စစ်အုပ်စု၏ ဝန်ကြီးများတက်ရောက်သည့်  တရားဝင်မဟုတ်သည့် အာဆီယံဒေသတွင်း အစည်းအဝေးတွင် မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် စင်ကာပူနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။ 

အာဆီယံအဖွဲ့အတွင်း ထိုနိုင်ငံများက အာဏာသိမ်း မြန်မာစစ်အုပ်စုကို ဝေဖန်ပြောဆိုမှုအရှိဆုံး နိုင်ငံများလည်း ဖြစ်သည်။

အစည်းအဝေးသို့ မြန်မာစစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်နှင့် အခြား ဝန်ကြီးအချို့ တက်ရောက်ခဲ့ကြကြောင်း ထိုင်းအစိုးရ သတင်းရင်းမြစ်က ဆိုသည်။ 

မြန်မာ့အရေးနှင့် ပတ်သက်၍ မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကိုမူ အတိအကျ မသိရပေ။ 

ထိုင်းနိုင်ငံက လူသိရှင်ကြား ထုတ်ဖော်မပြောဘဲ ခိုးကြောင်ခိုးဝှက် လက်ခံပြုလုပ်ခဲ့သည့် အဆိုပါအစည်းအဝေးသို့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Source: Bangkok Post